Sunday, June 29, 2014

နိုင်ငံပိုင်မီဒီယာကို အများပိုင်မီဒီယာအဖြစ် ပြောင်းလဲရန် စာနယ်ဇင်းကောင်စီ အကြံပြု

http://www.thevoicemyanmar.com/
Sunday, 29 June 2014 04:22

နိုင်ငံပိုင် အစိုးရအာဘော် သတင်းမီဒီယာများကို ပုဂ္ဂလိကပိုင် မီဒီယာအဖြစ် ပြောင်းလဲရန် စာနယ်ဇင်းကောင်စီ (ယာယီ) က အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီကို အကြံပြုခဲ့ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

အလုံမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီ၏ ရုံးခန်းတွင် ၂၀၁၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အများပြည်သူ ဝန်ဆောင်မှု ဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံပိုင်သတင်းစာကို အများပိုင်အဖြစ် ပြောင်းလဲရန်နှင့် ရေးဆွဲလျက်ရှိသည့် အများပြည်သူ ဝန်ဆောင်မှု ရုပ်သံဥပဒေတွင် အခန်းတစ်ခန်း အနေနှင့် ထည့်သွင်းပေးရန် အကြံပြုခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်ကျော်က ထပ်မံပြောကြားသည်။

ထို့သို့ အကြံပြုခဲ့ခြင်းမှာ နိုင်ငံပိုင်သတင်းစာ ဟူသည်မှာ မည်သည့် ဒီမိုကရေစီ နိုင်ငံတွင်မျှ မရှိဘဲ အများပိုင် မီဒီယာများသာ ထားရှိတော့ကြောင်း၊ ထို့သို့ ပြောင်းလဲရာတွင်လည်း အစိုးရက ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ရန် စသည့် အချက်များကို အကြံပြုခဲ့ကြောင်း ၎င်းက ပြောကြားသည်။ “သီးခြား ဥပဒေ မလိုဘူး။ အများပြည်သူ ဝန်ဆောင်မှု ရုပ်/သံ ဥပဒေထဲမှာ အခန်းတစ်ခု အနေနဲ့ ထည့်ပေးဖို့ အကြံပြုခဲ့တာပါ” ဟု ဦးမြင့်ကျော်က ထပ်မံ ပြောကြားသည်။

စာနယ်ဇင်းကောင်စီ (ယာယီ) က အကြံပြုသည့် အချက်များကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော် နာယကအထိ တင်ပြသွားမည် ဖြစ်ကြောင်း၊ တွေ့ဆုံခြင်း ရလာဒ်အဖြစ် သဘောထားများကို သိရှိရကြောင်း အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ ရုံးအဖွဲ့မှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောကြားသည်။ အများပြည်သူ အသံလွှင့်လုပ်ငန်းကို ရုပ်/သံ အဖြစ် ပြောင်းလဲရန်၊ အများပြည်သူ ဝန်ဆောင်မှု ရုပ်သံများကို ပြောင်းလဲထူထောင် အသွင်ပြောင်းနိုင်ရန် စသည့် အချက်များကိုလည်း ထပ်မံဆွေးနွေး အကြံပြုခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

လက်ရှိအချိန်တွင် အများပြည်သူ ဝန်ဆောင်မှု ဥပဒေကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည်။ နိုင်ငံတကာတွင် အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေဟု မရှိဘဲ အများပြည်သူ ဝန်ဆောင်မှု ရုပ်/သံ လွှင့် လုပ်ငန်းဥပဒေသာ ရှိပြီး ထိုဥပဒေများတွင်လည်း ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲ တင်သွင်းထားသော ဥပဒေပါ နိုင်ငံပိုင် မီဒီယာများကိုသာ သီးသန့်သတ်မှတ် ပြောင်းလဲခွင့်ပြုခြင်း မဟုတ်ဘဲ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသော ရုပ်/သံ မီဒီယာတိုင်းကို အများပြည်သူ ဝန်ဆောင်မှု ရုပ်/သံ မီဒီယာအဖြစ် လုပ်ကိုင်ခွင့် ပြုထားသည်။ လက်ရှိ နိုင်ငံတော်အစိုးရပိုင် သတင်းစာများတွင် ကြော်ငြာ ၁၁ မျက်နှာခန့် ပါရှိပြီး သတင်းစာမျက်နှာ ၂၀ ခန့်ဖြင့် ထုတ်ဝေလျက် ရှိသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက The News Light of Myanmar၊ မြန်မာအလင်း၊ ကြေးမုံသတင်းစာ၊ ကာကွယ်ရေး ဝန်ကြီးဌာနက မြဝတီသတင်းစာ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တော်သတင်းစာ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မန္တလေးနေ့စဉ် သတင်းစာနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ရတနာပုံ သတင်းစာတို့ကို အသီးသီး ထုတ်ဝေနေကြသည်။

No comments: