Monday, June 30, 2014

တနိုင်ငံလုံး အပစ်ရပ်စာချုပ် ရေးဆွဲရန် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာတွင် တွေ့မည်

အောင်သူရ
http://www.7daydaily.com/
Monday, June 30, 2014

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် ရေးဆွဲရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ တတိယအကြိမ်ညီလာခံကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါညီလာခံကို ဇူလိုင် တတိယပတ်တွင် ပြုလုပ်ရန် လျာထားပြီး တိုင်းရင်းသားခေါင်းဆောင်များ သွားရေးလာရေးနှင့် ပတ်သက်၍ ကူညီပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အကြီးတန်းအရာရှိကြီး တဦးက ပြောသည်။

သို့သော် အဆိုပါဆွေးနွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များမှာမူ တက်ရောက်ရန် မသေချာသေးကြောင်း သတင်းရရှိသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းနှင့် ပတ်သက်၍ အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးချက်များထဲမှ အဆင်မပြေသည့်အချက်များကို ယခုကျင်းပမည့် ညီလာခံတွင် ဆွေးနွေးကြမည်ဖြစ်သည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ရေးဆွဲရန် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် လိုင်ဇာ၌ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလဆန်းတွင် KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ဒုတိယအကြိမ် ကျင်းပခဲ့သည်။

No comments: