Sunday, June 29, 2014

သန္တိသုခအရေး သာသနာအမည်းစက်ဖြစ်မည်ကို သံဃာများ စိုးရိမ်

နော်ကိုကို
http://www.thevoicemyanmar.com/
Saturday, 28 June 2014

နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့က ချိပ်ပိတ်ထားသော မဟာသန္တိသုခ ကျောင်းတိုက် ပိုင်ဆိုင်မှုအတွက် ပီနန်ဆရာတော်နှင့် မဟနအဖွဲ့တို့အကြား အမှုအခင်း ဖြစ်ပွားပြီး သာသနာအတွက် အမည်းစက် ဖြစ်မည်ကို သံဃာအများစုက စိုးရိမ်လျက်ရှိသည်။

သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေစဉ် မဟနအဖွဲ့က အင်အားသုံး ဆောင်ရွက်မှုကြောင့် သာသနာအတွက် အရှက်ရစရာ ဖြစ်ခဲ့ပြီး အမှုအခင်းများ ဆက်လက်ဖြစ်ပွားပါက ထပ်မံ၍ အမည်းစက်တစ်ခု ဖြစ်လာနိုင်ကြောင်း ဆရာတော်များက ရှင်းပြသည်။ “တရားရုံးတွေရောက် အမှုအခင်းတွေ မပြီးနိုင်မစီးနိုင်ဖြစ်မှာပဲ စိုးရိမ်တယ်။ ရှက်စရာကြီး” ဟု မြို့နယ် သံဃနာယက ဆရာတော်တစ်ပါးက ဆိုသည်။

အဆိုပါ ကျောင်းတိုက် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် မဟနအဖွဲ့နှင့် ပီနန်ဆရာတော်တို့ နှစ်ဖက်လုံးက မှားယွင်းနေကြောင်း သီတဂူဆရာတော် အပါအဝင် သံဃာအများစုက ပြောဆိုထားပြီး အင်အားသုံး ဖြေရှင်းခဲ့သည့် မဟနအဖွဲ့ကို ဝေဖန်ပြစ်တင်ထားသည်။

ကျောင်းတိုက်ပိုင်ဆိုင်မှု အတွက် အင်အားသုံး ဖြေရှင်းခြင်းမပြုရန် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပန်ကြား တားမြစ်ခဲ့သော်လည်း အကျည်းတန်စွာ အင်အားသုံး ဖြေရှင်းမှုအတွက် သံဃာအများစုက မဟနကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ပီနန်ဆရာတော် အနေနှင့်လည်း မဟနအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းမှု မရှိခြင်းအပေါ် အထက်ပါ ဆရာတော်များက ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပြဿနာများအတွက် ပီနန်ဆရာတော်၏ ကိုင်တွယ် ဆောင်ရွက်မှုမှာ နည်းလမ်းမကျကြောင်း သီတဂူ ဆရာတော်ကလည်း ထုတ်ဖော် မိန့်ကြားထားသည်။

သန္တိသုခ ကျောင်းတိုက်မှာ တည်ထောင်စ အချိန်ကပင် ပီနန်ကျောင်းတိုက်ဟု အမည်တွင်ပြီးဖြစ်၍ ပိုင်ဆိုင်မှုကို အထူးအငြင်းပွား မနေသင့်ကြောင်း၊ နိုင်ငံတော်အဆင့် ကျောင်းတိုက်ကြီး တစ်ခုဖြစ်၍ မဟနအဖွဲ့၏ စောင့်ရှောက်မှု လိုအပ်သည်ဟု ယူဆလျှင် ပီနန်ဆရာတော်ကြီး လွန်တော်မူပြီးနောက်မှသာ မဟနအဖွဲ့က တစ်နည်းတစ်ဖုံ ဆောင်ရွက်သင့်ကြောင်း မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက အကြံပြုသည်။ “ပီနန်လည်း သက်တော်ကြီးနေပါပြီ။ သူ့တစ်သက်ကို အေးအေးဆေးဆေး ပေးနေလိုက်ရင် မဟနက ဘာဖြစ်မှာမို့လဲ” ဟု အထက်ပါ ဆရာတော်က မှတ်ချက်ပြုသည်။

ကျောင်းတိုက် ပိုင်ဆိုင်မှုအတွက် မဟနအဖွဲ့က အထောက်အထားများကို အချိန်မရွေး စစ်ဆေးနိုင်သည်ဟု ပြောဆိုထားပြီး ပီနန်ဆရာတော်ကလည်း မြေပိုင်ဆိုင်မှု အထောက်အထား၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ လျှောက်ထားစာ အပါအဝင် သက်သေအထောက်အထားများ ပြသနိုင်ကြောင်း မိန့်ကြားထားသည်။

ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက ကလည်း မဟာသန္တိသုခ ကျောင်းတိုက်မှာ ပီနန်ဆရာတော်သာ တည်ထောင်ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ယခင်အစိုးရက အဓမ္မသိမ်းပိုက် ခိုးယူခြင်းသာ ဖြစ်ကြောင်း၊ ယင်းသို့ခိုးယူ၍ မဟနအဖွဲ့ကြီးထံ ရေစက်ချလှူဒါန်းသည် ဆိုခြင်းမှာ မဟနအဖွဲ့က သူခိုးလက်ခံ ပြုထားရာရောက်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေသော လန်ဒန်ဆရာတော်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ကယားအဆောင်မှူး ကဲ့သို့သော ရဟန်းတော်များ အပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲစေ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့မှုကလည်း မဟနအဖွဲ့၏ ဆောင်ရွက်ချက်များကို သံဃာထုနှင့် လူအများက အမျက်ထွက်ခဲ့ပြီး အဆိုပါ ဆရာတော်ငါးပါးမှာ အာမခံဖြင့် တရားရုံးတွင် ဆက်လက် ရင်ဆိုင်ဖြေရှင်းရဦးမည် ဖြစ်သည်။

“သံဃိက (သံဃာပိုင်) လို့ မဟနက ပြောရင်တောင် ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သံဃာတွေကို ဖယ်ရှားခွင့် မရှိဘူး။ လူဝတ်လဲတာတော့ ရုပ်ဆိုးလွန်းတယ်” ဟု သံဃာအများစုထံမှ မှတ်ချက်စကား ထွက်လာသည်။

ပီနန်ကျောင်းတိုက် ပိုင်ဆိုင်မှု လွန်ဆွဲပွဲတွင် သံဃဂိုဏ်းဂဏ ပြဿနာများလည်း ပါဝင်နေပြီး မဟန ဆရာတော်အချို့မှာ သန္တိသုခကို ရွှေကျင်ဂိုဏ်းက သိမ်းပိုက်လိုသည်ဟု ယူဆထားကာ သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကလည်း အဆိုပါ ကျောင်းတိုက်ကို သီတဂူ ဆရာတော်က ရယူလိုနေသည်ဟု ယုံကြည်နေကြောင်း မဟနအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

“ဆရာတော်ကြီးက ရိုးလွန်းတယ်။ ရိုးဂုဏ်က ကြည်ညိုစရာပေမယ့် ဦးဆောင်မှု အခန်းကဏ္ဍကို ယူရတဲ့အခါ ပြဿနာတွေ ဖြစ်လာတယ်” ဟု အနီးကပ်သံဃာများ၏ လျှောက်ထားမှုကြောင့် သန္တိသုခကို သီတဂူ ဆရာတော်က ရယူလိုနေသည်ဟု တထစ်ချယုံကြည်နေသော ဗန်းမော် ဆရာတော်ကြီး၏ အားနည်းချက်နှင့် ပတ်သက်၍ မဟနအဖွဲ့နှင့် နီးစပ်သူ သံဃာတစ်ပါးက မှတ်ချက်ပြုမိန့်ကြားသည်။

သို့သော် ပီနန်ကျောင်းတိုက် ပြဿနာအတွက် သီတဂူဆရာတော် ကူညီဖြေရှင်း ပေးနေခြင်းမှာ ကျောင်းတိုက်ကို ရလိုသည့်အတွက် လုံးဝမဟုတ်ကြောင်း၊ ဗုဒ္ဓစင်တာ ထူထောင်၍ ပြည်ပသာသနာပြု ရဟန်းတော်များ မွေးထုတ်မည့် ပီနန်ဆရာတော်၏ မူလရည်ရွယ်ချက် အောင်မြင်စေလို၍သာ ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သီတဂူ ဆရာတော်၏ တပည့် သံဃာတစ်ပါးက မိန့်ကြားသည်။ “သီတဂူ အနေနဲ့ဆို အဲ့ဒီကျောင်းတိုက်မျိုး ဆယ်လုံးမက ဆောက်နိုင်တယ်။ သန္တိသုခကို ဘာလို့လိုချင်ရမှာလဲ” ဟု မှတ်ချက်ပြုသည်။

လက်ရှိ ချိပ်ပိတ်ထားသော သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြည်ပသို့ ရောက်ရှိနေသာ ပီနန်ဆရာတော်ကြီး ပြန်ရောက်ချိန်မှသာ ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ပြီး အလားတူ ပိုင်ဆိုင်မှု အငြင်းပွားသော ပြဿနာများအတွက် တရားရုံး အဆင့်ဆင့်တွင်သာ ရင်ဆိုင် ဖြေရှင်းရလေ့ ရှိကြောင်း၊ ယင်းအတွက် ယခုအငြင်းပွားမှုတွင်လည်း တရားရုံးသို့ ရောက်ရှိမည့် အလားအလာ များနေကြောင်း သံဃာအများစုက ခန့်မှန်းသည်။

သို့သော် ကျောင်းတိုက်ပြဿနာကို အင်အားသုံး ဖြေရှင်းရာတွင် အဓိက တာဝန်ရှိသူဟု ယူဆထားသူ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်နှင့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်တို့ကို ဖမ်းဆီးစစ်ဆေးနေသည့် သတင်းများကြောင့် သန္တိသုခပြဿနာ အပြောင်းအလဲ ဖြစ်နိုင်ဖွယ် ရှိကြောင်း ခန့်မှန်းမှုများလည်း ရှိသည်။

အဆိုပါ အရေးယူမှုများနှင့် ပတ်သက်၍မူ ပြည်ထဲရေးဝန်ကြီးဌာနက လတ်တလော သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ရာထူးမှဖယ်ရှားခံရသူ ဦးဆန်းဆင့်နေရာတွင် သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းကို ဝန်ကြီးအဆင့်သို့ တိုးမြှင့် တာဝန်ပေးခဲ့သည်။

ကျောင်းတိုက် ပိုင်ဆိုင်မှုမှာမူ ဝန်ကြီးဟောင်း ဦးဆန်းဆင့်နှင့် အပေါင်းအပါများကို စစ်ဆေးအရေးယူမှု အခြေအနေနှင့် ပီနန်ဆရာတော် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည့် အချိန်မှသာ ညှိနှိုင်း ဆုံးဖြတ်နိုင်ဖွယ်ရှိပြီး သာသနာရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များကို စစ်ဆေးမှုရလဒ်က မဟန ဆရာတော်ကြီးများ၏ သဘောထားကို ပြောင်းလဲနိုင်မှုရှိ မရှိ စောင့်ကြည့်ရန် လိုအပ်ကြောင်း သံဃာအများစုနှင့် လေ့လာသူများက သုံးသပ်ကြသည်။

No comments: