Sunday, June 29, 2014

လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သူများအား ကျိန်စာတိုက်

လင်းလင်းမောင်
http://www.messengerdaily.com/
29 June 2014

လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သူများ ကျဆုံးစေရန်အတွက် လက်ပံတောင်းတောင် ဒေသခံ ၅၀ ကျော်တို့မှ လယ်တီသိမ်နှင့် စေတီအား ဖျက်ဆီးသူများ အမြန်ဆုံး ကျဆုံးကြပါစေဟု လက်ပံတောင်းတောင်စောင့် နတ်မင်းကြီးများအား တိုင်တည်ကာ ကျိန်စာတိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကျိန်စာတိုက် ဆုတောင်းမှုကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်နိမိတ်ဧရိယာ ခြံစည်းရိုးအနီးတွင် ဇွန်လ ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျိန်စာတိုက်မှုကို ဆည်တည်း ကျေးရွာသားများက ပြုလုပ်ခဲ့ပြီး၊ ငှက်ပျောပွဲ ၃ ပွဲဖြင့် ကြေးနီစီမံကိန်း သံလွင်ရဲကင်း ခြံစည်းရိုး အပြင်ဘက်တွင် သိမ်နှင့် စေတီကို ဖျက်ဆီးသူတွေ အ၀ိစီငရဲကျပါစေ၊ လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သော ဦးပိုင်၊ ၀မ်ပေါင်ကုမ္ပဏီတို့ ကျဆုံးပါစေနှင့် ၀မ်ပေါင် ရဲလုံခြုံရေးများ ကျဆုံးပါစေ စသည်ဖြင့် ကျိန်စာတိုက် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံတွေပိုင်တဲ့ လျော်ကြေးယူမထားတဲ့ လယ်ယာမြေတွေကိုလည်း ထွန်ယက်ခွင့် မပေးဘူး။ လယ်တီသိမ်နဲ့ စေတီကျတော့ မတရားသဖြင့် ဖျက်ဆီးပစ်တယ်။ ဘာမှ ဒေသခံတွေကို ထုတ်ဖော်ပြသခြင်း မရှိဘူး။ လူပုံအလယ်ကျောင်းဖွင့်ပွဲတွေကျမှ လာပြီး ပွဲလာထုတ်တယ်။ ဒေသခံတွေ ဘယ်လောက် ခံစားနေရလဲ။ ဘယ်လောက် ဒုက္ခရောက်နေရသလဲ ဆိုတာကို လာပြီး ဆွေးနွေးတိုင်ပင်ခြင်း မရှိဘူး။ လယ်တီသိမ် ဖျက်တဲ့ ၀မ်ပေါင်ဦးပိုင်ကုမ္ပဏီလည်း ဒေသခံတွေ ပြိုကွဲသလို ပြိုပါစေ။ လယ်တီသိမ်နဲ့ စေတီကို ဖျက်ဆီးပစ်ခဲ့သူတွေလည်း အ၀ီစိငရဲကျပါစေလို့ ကျိန်စာတိုက်ပြီး၊ လက်ပံတောင်းတောင်စောင့်နတ်တွေကို တိုင်တည်ပြီး ဆုတောင်းခဲ့တာပါဟု ဆည်တည်းကျေးရွာမှ မရီဝင်းက The Messenger Media သို့ ပြောသည်။

No comments: