Sunday, June 29, 2014

ဦးဆန်းဆင့်ကို ထိန်းသိမ်းခဲ့၍ ဧရာဝတီတိုင်းမှ လယ်သမားများ ဆန္ဒထုတ်ဖော်မည်

ထွန်းခိုင်
http://www.7daydaily.com/
Sun, 2014-06-29

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့် (ဓာတ်ပုံ - နေလင်းထွန်း)
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ထိန်းသိမ်းခဲ့သည့်အတွက် ဧရာဝတီတိုင်းအတွင်းမှ လယ်သမားများ နှင့် ဒေသခံများက ဇူလိုင် ၁ ရက် တွင် ပန်းတနော်မြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲစီစဉ်သူများက ပြောသည်။

အဆိုပါဆန္ဒပြပွဲကို နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး ပုသိမ်၊ ပန်းတနော်၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့် ဒေးဒရဲ၊ မြောင်းမြ စသည့် ဒေသတွင်း မြို့နယ်များမှ လယ်သမားများ၊ ဒေသခံများ ပါဝင်မည်ဖြစ်ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၏ ဧရာဝတီတိုင်းတာဝန်ခံ ဦးကြည်လွင်က ပြောသည်။

‘‘ဦးဆန်းဆင့်ဟာ တိုင်းလွှတ်တော်ဥက္ကဋ္ဌလုပ်တုန်းကလည်း ပါတီမျက်နှာမကြည့်ဘဲ ပြည်သူ့မျက်နှာကြည့်ပြီး လုပ်တဲ့သူဖြစ်တယ်’’ဟု ဦးကြည်လွင်ကပြောသည်။

ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးဆန်းဆင့်သည် အစိုးရသစ် လက်ထက်တွင် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခံခဲ့ရပြီး ထိုစဉ်ကတည်းက ဒေသခံများ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။ ထိုစဉ်က လယ်သိမ်းခံရမှုများ၊ အင်းလုပ်ငန်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သူလည်းဖြစ်သည်။ ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် အပါအ၀င် သူ၏အစိုးရအဖွဲ့ဝင်များနှင့် ဆက်ဆံရေး မပြေလည်သူဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် တစ်နှစ်ကျော်က တိုင်း လွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။

ဦးဆန်းဆင့်အား တိုင်းလွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်စဉ်ကလည်း ဒေသခံများ က ပန်းတနော်မြို့တွင် ဆန္ဒပြခဲ့ကြသေးသည်။

‘‘အခုအစိုးရလုပ်နေတဲ့ပုံစံက သူလုပ်ချင်တာလုပ်တယ်။ တစ်ပါတီအာဏာရှင်၊ စစ်အာဏာရှင်ပုံစံဖြစ်နေတယ်။ ဘာကြောင့် အရေးယူတယ်ဆိုတာ ပြည်သူကိုချပြဖို့တော့ လိုအပ်တယ်’’ဟု ဦးကြည်လွင်က ပြောသည်။

သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် နိုင်ငံပိုင်ငွေများ အလွဲသုံးစားလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇွန်လ၁၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

No comments: