Thursday, August 14, 2014

မှော်ဆရာသီချင်းငှက်သို့ လွမ်းဆွတ်မှု

မှော်ဆရာသီချင်းငှက်သို့ လွမ်းဆွတ်မှု
ဒေါက်တာလွဏ်းဆွေ

သူ့ကိုးကွယ်ရာက
“မဟာဝီရ အို … ဗုဒ္ဓ” …။

သူ့နှလုံးသားအချစ်စိတ်က
“မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်
မနေ့က ငါ သေဆုံးသွားခဲ့” …။

သူ့တောင့်တမှုက
“ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ ကြီးမားမှု” …။

သူ့မုဒိတာက
“ကျေးလက်က ဆရာသူငယ်ချင်းရေ
စိတ်ဓာတ်ကလေး ဖြူစင်သန့်ရှင်းနေ
အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်တဲ့
မင်းအတွက် ဒို့ ဂုဏ်ယူလိုက်ပါတယ်” …။

သူ့စိတ်စေတနာက
“ဟေး လာ မိတ်ဆွေတို့ရေ
ကလေးငယ်များ ပျော်ပါစေ …
ဟေး လာ မိတ်ဆွေတို့ရေ
မိခင်များ ပျော်ပါစေ” …။

သူ့မှာတမ်းက
“အို … ညီလေးရေ
ယုံကြည်ချက်နဲ့ အသက်ရှင်ခြင်းက အကောင်းဆုံးပါ
ကမ္ဘာမြေကြီးအား
မင်းတယောက်အတွက် သက်သက် ၀န်ပိုမလေးဖို့ရာ” …။

သူ့တန်ဖိုးထားမှုက
“ရွှေအတိပြီးသော မြို့ပြများ အစဉ်အလာကြီးမားခဲ့ကြရာ
သည်မြေဟာ ဒို့ရဲ့အမိမြေ …
ယဉ်ကျေးမှုရဲ့ နှလုံးသား ရှင်သန်စေသူ တန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ … ဧရာဝတီ” ...။

သူ့နှိုးဆော်မှုက
“အရေးကြီးပြီ ညီနောင်အပေါင်းတို့
သွေးစည်းကာ ညီစေညီကြစို့” ...။

သူ့ယုံကြည်ချက်က
“ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလည်း
ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ်” …။

သူ့ကို ကျနော် အခိုက်ဆုံးက
ဟောဒီ ခံယူချက် …
“လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက်
အခြားဘ၀တွေ ဆုံးရှုံးမသွားဖို့ပဲ
နှလုံးသားမှာ သတိရှိနေ
အိုး … စွန့်လွှတ်ဖို့အသင့်ပဲ” …။

အဲဒီ မှော်ဆရာသီချင်းငှက်
၁၄-၈-၂၀၀၄ ရက်မှာ
ကောင်းကင်ဘုံထက်
(နှုတ်မဆက်ဘဲ …)
ရုတ်တရက် ပျံတက်သွားခဲ့ …။ ။

(ထူးအိမ်သင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ဂုဏ်ပြုအမှတ်တရ ရေးဖွဲ့ခဲ့သည်ကို တတိယအကြိမ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။)

ဒေါက်တာလွဏ်းဆွေ
(၁၄-၈-၂၀၁၁၊ နံနက် ၁း၀၈ နာရီ)

6 comments:

min nay said...

ဆရာ့ရဲ့ ဒီကဗျာကိုတော့ ကြိုက်သွားပြီဗျာ
လေးစားလျက် ...စံနေမင်း

aristhteinwin said...

မဟာဝီရ- ဆိုတာ- ဟိန္ဒူ ဘုရားကိုပြောတာဗျ- သူက အ၀တ်မ၀တ်ဘူး။ မိမွေးတိုင်း ဖ မွေးတိုင်း နေတာ။ အခုထိ အိန္ဒိယ မှာ ရှိနေစဲဘဲ-

zulu zenith said...

မဟာဝီရဆိုတာ ဂျိန်းဘုရားဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီသီချင်းမှာက နာမ်အနေနဲ့ သုံးတာမဟုတ်ဘဲ မဟာ= ကြီးကျယ်မြင့်မြတ်သော.. ၀ီရ= ရဲရင့်သော ဆိုတဲ့ နာမ၀ိသေသနပုဒ် အနေနဲ့ သုံးတာလို့ မြင်ပါတယ်။
မဟာဝီရ အို ဗုဒ္ဓ .. ရဲရင့်မြင့်မြတ်တော်မူသော အတုမရှိဗုဒ္ဓ..လို့ ဆိုလိုဟန်တူပါတယ်..။
ကိုငှက်... ကွယ်လွန်တဲ့နေ့ကို တခုတ်တရ ဖော်ပြပေးတာကို ကျေးဇူးများစွာ တင်မိပါတယ်။
ကျွန်တော်တို့ရင်ထဲမှာ..
ဒီနေ့ထိ.. တကယ့် အနုပညာရှင် စစ်စစ်ကြီး.. ကိုငှက်ကို အသေအချာ အမှတ်တရ ရှိနေဆဲပါ...
အကိုငှက်.. ကောင်းရာမွန်ရာ ဘုံဘ၀မှာ စိတ်တိုင်းကျ အနုပညာတွေ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပါတယ်..

123456 said...

ကိုငှက်ဆုံးတဲ့နှစ်ပတ်လည်နေ့မှာ.... အခုလိုသတိတရ ကိုငှက်အကြောင်းတွေ တင်ပေးတာကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကိုငှက်ကိုရည်ဆူးတဲ့ ကဗျာလေး ကိုသဘောကြပါတယ်ဗျာ....

GEE said...

ကိုငှက်သီချင်းများကို နားထောင်ရင်း ကိုငှက်အားလွမ်းဆွတ်လျှက်

Ko Phyo ... said...

On that day, I accompany his last trip to Yay way. Too crowded. Because simply I love him. That's all...