Saturday, September 3, 2011

မောင်ချောနွယ်ကို ကျနော်သိတယ်

မောင်ချောနွယ်ကို ကျနော်သိတယ်
မောင်ငြိမ်းအေး

ကျနော်က ‘ကိုချော’ လို့ ခေါ်ပြီး
ကိုချောက ကျနော့်ကို ‘ဟေ့ ရဲခေါင်ကြီး’ လို့
ရင်းရင်းနှီးနှီး ခင်ခင်မင်မင်
ကျနော့်ရင်ထဲမှာ နင်သွားအောင်ခေါ်တဲ့ ကိုချောဟာ
သျှရီခေတ္တရာသား၊ အရာရှိသား
မတထောင်တကောင်ဖွား
ဧရာဝတီရဲ့အားပေါ့။

ရန်ကုန်ကတော့ ကိုချောအတွက် မြစ်ကျဉ်းပဲ
တိုးတိုးဝှေ့ဝှေ့ တိုက်တိုက်ခတ်ခတ်
မပြတ်တမ်း စီးဆင်းကျော်လွှားနိုင်ပေမယ့်
မိသားစုဘ၀က သောင်ထွန်းခဲ့တယ်
တကျော့နှစ်ကျော့လည်း တေးမသီနိုင်
ကြိုင် လှိုင် မြိုင်လုံးရယ်လည်း မမွှေး
ဂျစ်ပစီ လက်မြှောက်ရလောက်အောင် ဟိုပြေးသည်လွှား
ကဗျာဆရာရဲ့မယား
ကဗျာဆရာရဲ့သားသမီး
ထီးမရှိခဲ့ဘူးလေ။

‘မောင်ချောနွယ်အတု’ ဟာ
မောင်ချောနွယ်အစစ်ပဲဆိုတာ သေချာတယ်
စားတဲ့အချိန်မသိဘူး
အိပ်တဲ့အချိန်မရှိဘူး
အရူးတောင် သူရူးနေမှန်း သိရင်သိမယ်
ကဗျာဆရာက သူရူးနေလို့ ရူးနေမှန်းမသိဘူး
အဲဒီလိုရူးလို့လည်း အဲဒီလိုထူးခဲ့တာပဲ
ထူးလို့လည်း မောင်ချောနွယ်လို့ဆိုလိုက်ရင်
ကျနော်တို့ မိုက်ခနဲ မိုက်ခနဲ ဖြစ်ကြတာပဲပေါ့။

ခင်ဗျား ကဗျာတွေကို ချစ်သလား
ကဗျာတွေကို ဖတ်သလား
ကဗျာတွေကို ချစ်ပြီးတဲ့နောက်
ကဗျာတွေကို ဖတ်ပြီးတဲ့နောက်
ကဗျာတွေနောက် တကောက်ကောက်ပါသွားပြီဆိုရင်တော့
ခင်ဗျားကိုယ်တိုင် ကဗျာဖြစ်သွားပြီ
ခင်ဗျားဟာ ခင်ဗျားမဟုတ်တော့ဘူး
မောင်ချောနွယ်ဖြစ်နေပြီ။

မောင်ချောနွယ်ကို ပုသျှကင်နဲ့ တူတယ်လို့ ပြောကြသလား
မောင်ချောနွယ်ကို ယက်တူရှင်ကိုနဲ့ တူတယ်လို့ ပြောကြသလား
ကျနော့်စိတ်က မြွေပွေးလို ပါးပျဉ်းထောင်မှာ အမှန်ပဲ
ပုသျှကင်ကသာ မောင်ချောနွယ်နဲ့ တူနေတာပေါ့
ယက်တူရှင်ကိုကသာ မောင်ချောနွယ်နဲ့ တူနေတာပေါ့
ကမ္ဘာမှာ မြန်မာဟေ့လို့ ကိုယ့်ကိုယ်ကိုယ်ဖော်
မသူတော်လုပ်တာမျိုးမဟုတ်ပေမယ့်
ကဗျာမှာတော့ မောင်ချောနွယ်လို့ ရင်ခေါင်းထဲက အော်မယ်
မောင်ချောနွယ်မှာ အတ္တဆိုလို့
ကဗျာရေးတာတခုတည်းပဲမဟုတ်လား။

မောင်ချောနွယ် ကွယ်လွန်သွားတာ
“မြန်မာစာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု”
အဲဒီလို အသားလွတ်ကြီး ကျနော်မ‘ပင့်’ချင်ဘူး
မောင်သင်းခိုင် ရှိနေသေးတယ်
မင်းထက်မောင် ရှိနေသေးတယ်
မိုဃ်းဇော် ရှိနေသေးတယ်
အောင်ဝေး ရှိနေသေးသလို
ဟောဒီက မောင်ငြိမ်းအေးလည်း ရှိနေသေးတာပဲ
မောင်ချောနွယ်မဟုတ်တာကလွဲရင်ပေါ့လေ။

မမမြင့်ရေ ...
ကိုချောနွယ် ကြွေကျသွားခဲ့တဲ့ ကိုးနှစ်မှာ
တိုးပြီးချစ်နေကြတာ ကဗျာတွေပါ။     ။

မောင်ငြိမ်းအေး

1 comment:

Yan Win (Taung Da Gar) said...

နှလုံးသားနဲ့ရေးတဲ့ စာကောင်းတပုဒ်ပါပဲ။

မြွေပွေးဆိုတာ ပါးပျဉ်းမထောင်ပါ။ ပါးပျဉ်းထောင်ရင် မြွေဟောက် ဖြစ်လိမ့်မယ်။ စာစီတာများ မှားသွားရော့လေသလား။

ကဗျာချစ်သူ