Monday, September 14, 2009

ကြည့် … မိုးရွာနေတယ်

ကြည့် … မိုးရွာနေတယ်
မြတ်ဆုအောင်

ရှူစရာ လေမရှိ
အဖေ့အတွက် ချဉ်စုတ်စုတ်လေပဲရှိ
မျက်နှာမူစရာမရှိ
ပတ်ပတ်လည်မှာ နံရံတွေနဲ့ ညစ်ပတ်နေတာပဲရှိ။

အဖေခွဲသွားတော့ ထင်သလို လွတ်လပ်ပျော်ရွှင်မှုမရှိခဲ့ဘူး
နေ့တိုင်းအသက်ရှုဖို့ အောက်စီဂျင် မလုံလောက်ဘူး
ရှေ့ဆက်လျှောက်ရမယ့်လမ်းကို မမြင်နိုင်ဘူး။

အဖေရယ် ဘယ်အချိန်ပြန်လာမှာလဲ
ဘယ်တော့မှ နေမင်းကြီးကို မြင်ရမှာလဲ
အုံ့မှိုင်းတဲ့ မိုးတိမ်တွေ ဘယ်အချိန်ကြည်လင်မလဲ။

ဘာကိုမှ မတောင်းဆိုချင်ဘူး
အဖေပြန်လာနိုင်ပါစေလို့ပဲ တမ်းတပါတယ်
အဖေမရှိတဲ့ နေ့တွေဟာ မိုးတွေက အုံ့မှိုင်းညိုမဲနေတယ်။

သမီးမရှိတဲ့ အဖေ့ဘ၀ဟာလည်း အမြဲတမ်း မိုးရွာနေသလား
ကျမအတွက် ကြေကွဲစရာ နေ့တွေချည်းပါပဲ
အဖေပြန်လာမယ့်ရက်ကို ဒီနေရာက စောင့်မျှော်နေမယ်။

ဒီကမ္ဘာရှိ ကလေးတွေအားလုံး မိစုံဖစုံနဲ့ နေရပါစေလို့ ဆုတောင်းပါတယ် ။ ။

မြတ်ဆုအောင်
(၁၁၊ ၆၊ ၀၉)

မှတ်ချက် ။ ။ မြတ်ဆုအောင် လေးရဲ့ အဖေဟာ ၉၉၉၉ လှုပ်ရှားမှုမှာ ထောင် (၁၉) နှစ် ကျခံခဲ့ရတဲ့ ABSDF ရဲ့ မြောက်ပိုင်း တာဝန်ခံ ရဲဘော်တဦးပါ။ သမီးက သူ့အဖေကို မျက်နှာတောင် သေသေချာချာ မမှတ်မိသူပါ။ ကလေးက သူ့အဖေကို လွမ်းတဲ့အ ကြောင်း သူရေးတတ်သလို စာစီရေးထားတာပါ။ မူရင်း တရုတ်လိုရေးထားတာကို ဘာသာပြန်ပြီး သူ့အမေက စာစီပေးထားတာ ပါ။ သူ့အဖေ အဖမ်းခံရတာ (၁၀) နှစ်ပြည့်တဲ့ အမှတ်တရပါတဲ့။

6 comments:

  1. သမီးမရှိတဲ့ အဖေ့ဘ၀ဟာလည်း အမြဲတမ်း မိုးရွာနေသလား
    ကျမအတွက် ကြေကွဲစရာ နေ့တွေချည်းပါပဲ
    အဖေပြန်လာမယ့်ရက်ကို ဒီနေရာက စောင့်မျှော်နေမယ်။

    တကယ်ထိထိ ရှရှ ခံစား လိုက်ရပါတယ်ဗျာ မြတ်ဆုအောင်လေးရဲ့ အဖေ အမြန်ဆုံးပြန်လွတ်နိုင်ပါစေဗျာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

    ကဗျာလေးက နင့်နေတာပါပဲ ဖတ်လိုက်ရတာ . . . .

    ReplyDelete
  2. မြတ်ဆုအောင်လေးရေ...

    ကလေးရဲ့ ကဗျာကို ဖတ်ပြီး ကြက်သီးတဖျန်းဖျန်း ထ မိပါတယ်...။ ကဗျာကို ဖတ်ကြည့်တာနဲ့ ကလေးဟာ ကိုယ်လျှောက်ရမယ့်လမ်းကို အကောင်းဆုံး ရွေးချယ်လျှောက်လှမ်းသွားနိုင်မယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်တယ်...။

    ဒီကမ္ဘာရှိ ကလေးတွေအားလုံး မိစုံဖစုံနဲ့ နေရပါစေလို့ ဦးဦးလည်း ဆုတောင်းပေးပါတယ်ကွယ်...။

    သမီးလေးဖေဖေလည်း အမြန်ဆုံးလွတ်မြောက်ပြီး သူယုံကြည်ရာကို သမီးလေးတို့နဲ့ အတူတူ ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဦးဦး ဆုတောင်းပေးပါတယ်ကွယ်...။

    လိမ္မာလိုက်တဲ့ ကလေးလေးရယ်...။

    ReplyDelete
  3. ဘ၀နဲ့ ရင်းပြီး ရေးလိုက်တဲ့ ကဗျာပဲ
    ကဗျာဟာ ကလေးငယ်ဖြစ်သလို
    ကလေးငယ်ဟာ ကဗျာပဲ ....
    နောင်မှာ ကဗျာရေးမယ်ဆိုရင် ကိုယ့်ကိုယ်ကို
    မ၀ံ့မရဲနဲ့ .. သမီးလို ဘ၀ရိုးဂုဏ်ရှိနိုင်ပါ့မလား
    သမီးက သူ့ဘ၀အလွမ်းနဲ့ စစ်စစ်မှန်မှန် ကဗျာကို ရေးခဲ့တာ ....
    ဆုမတောင်းဘူးသမီး
    ဦးတို့ လက်တွေ့ကျကျ တိုက်ပွဲဝင်ရမှာ ...

    ReplyDelete
  4. ဟာ...တကယ့်တိုက်ပွဲထဲက တကယ့်ဘ၀တွေပါပဲလား။

    ReplyDelete
  5. သမီးရေ
    ကဗျာကို အဲလိုရေးရသလား
    သမီးရင်ဘတ်ထဲမှာ သမီးဖေဖေ ထာဝရ ရှိနေတယ် ....

    ကမာပုလဲ

    ReplyDelete
  6. အန်တီပန်စွန် said
    သမီးရဲ့ ခံစားချက်တွေကို အခုလိုကဗျာအနေနဲ့  ဖွင့်ဟလိုက်တာကို ဖတ်လိုက်ရတဲ့အခါ သမီး၊ သမီးအမေ၊ သမီးရဲ့ အဖေတို့ နဲ့  ထပ်တူထပ်မျှ ခံစားရပါတယ်။ သမီးနဲ့  ဘ၀တူကလေးတွေအားလုံးကိုယ်စား ဒီကဗျာလေး ကိုရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လို့ လည်းပြောချင်ပါတယ်။ လူသားအားလုံးဟာ ဘ၀မုန်တိုင်းကြားမှာ ရုန်းကန်လှုပ်ရှားနေ ကြရတယ်။ အဲဒီ ဘ၀မုန်တိုင်းကြားထဲမှာ ရုန်းကုန်လှုပ်ရှားရင်း သမီးအဖေနဲ့  အမေလိုပဲ လူသားတွေရဲ့  ကောင်းကျိုး၊ တိုင်းပြည်ရဲ့ ကောင်းကျိုးကို သယ်ပိုးနိုင်တဲ့ သမီးရတနာလေးဖြစ်လာပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။ သမီးကိုချစ်တဲ့ အန်တီပန်စွန်

    ReplyDelete