Friday, March 28, 2008

နအဖ အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အစိုးရသစ်ပုံစံ

နေသွင်(၁) သမ္မတသည် နိုင်ငံတော် အကြီးအကဲ ဖြစ်သည်။
(၂) သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး(N.D.S.C)၏ အကြံပြုချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ် ကို ခန့်ရမည်။
(၃) သမ္မတသည် ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များကို အမည်တင်သွင်းပြီး သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီမှုကို ယူရမည်။
(၄) သမ္မတသည် နိုင်ငံတော် ငွေသုံးစွဲရေး ဥက္ကဋ္ဌဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင် ရွက်သည့် ပြည်ထောင်စု ဘဏ္ဍာငွေခွဲဝေရေး ကော်မတီတရပ် ရှိမည်။

သမ္မတ၏ အရည်အချင်းများ
(က) လွှတ်တော်အမတ် ဖြစ်စရာ မလို။
(ခ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး ကျွမ်းကျင်သူ ဖြစ်ရမည်။
(ဂ) အသက်(၄၅)နှစ်ထက် မငယ်ရ၊ နိုင်ငံတွင် အနှစ်(၂၀)ဆက်တိုက် နေထိုင်သူ ဖြစ်ရမည်။

အခြေခံဥပဒေပြင်ဆင်ရေး
(၁) ပြည်သူ့လွှတ်တော် (လွှတ်တော် နှစ်ရပ်ပေါင်း)၏ ၇၅%၏ ထောက်ခံမဲဖြင့် ပြင်ဆင်နိုင်သည်။
(၂) ပြင်ဆင်ရေး မူကြမ်းကို ၂၀% (၁၃၃ဦး) လက်မှတ်ထိုးမှ လက်ခံစဉ်းစားမည်။

လွှတ်တော်အစည်းအဝေး
(၁) ကိုယ်စားလှယ် သုံးပုံတပုံ တက်ရောက်လျှင် လွှတ်တော် အထမြောက်သည်။

အတိုကောက်စာလုံးများ
(၁) President (သမ္မတ)
(၂) V.P-1 (ဒု သမ္မတ- ၁)
(၃) V.P-2 (ဒု သမ္မတ- ၂)
(၄) Def Chief (ကာကွယ်ရေးဦးစီးချုပ်)
(၅) V- Def Chief (ဒု ကာကွယ်ရေးဦးစီးချုပ်)
(၆) A (ကာာကွယ်ရေးဝန်ကြီး)
(၇) B (ပြည်ထဲရေးဝန်ကြီး)
(၈) C (နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး)
(၉) U.H (အထက်လွှတ်တော်)
(၁၀) L.H (အောက်လွှတ်တော်)
(၁၁) Army Representative (ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သော ကိုယ်စားလှယ်များ)
((၁၂) Ministries (၀န်ကြီးဌာနများ)
(၁၃) N.D.S.C (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)

မှတ်ချက်။ ။ အဆိုပါကောင်စီတွင် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်သော စစ်ဘက်ကိုယ်စားလှယ် (၅)၊ သမ္မတ၊ ဒု-သမ္မတ၊ လွှတ်တော်(၂)ရပ်မှ ဥက္ကဌ (၂) ဦး၊ စုစုပေါင်း (၁၀)ဦးဖြင့် ဖွဲ့စည်းထားသည်။
ဝန်ခံချက် ။ ။ မောင်လူအေး၏ ဖွဲ့စည်းပုံလေ့လာခြင်း စာတမ်းကို အခြေခံကာ ပုံဖော်တင်ပြပါသည်။

နေသွင်

အပြည့်အစုံသို့...

ကိုင်း … ဘာလုပ်ကြမလဲ

ကိုင်း … ဘာလုပ်ကြမလဲ
စံကွန့်
ကိုင်း … ဘာလုပ်ကြမလဲ …။

စစ်အစိုးရကတော့ ပြည်သူကို စိန်ခေါ်နေပြီ။ ဒီနှစ်မေလထဲမှာ ပြည်သူ့အလိုဆန္ဒ တစက်မှမပါတဲ့ သူတို့အလိုကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်းကြီး ထောက်ခံခိုင်းတော့မယ်။ ၂၀၁၀ခုနှစ်မှာ နိုင်လည်းနိုင် ရှုံး လည်းနိုင်မယ့် ညစ်နည်းမျိုး စုံလင်စွာနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးလိမ့်ဦးမယ်။

ကိုင်း … ပြည်သူတွေ ဘာလုပ်ကြမလဲ။
အတိုက်အခံပါတီတွေ ဘာလုပ်ကြမလဲ။
ဒီမိုကရေစီအင်အားစုတွေ ဘာလုပ်ကြမလဲ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘာလုပ်ကြမလဲ။

ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း သူ့ဖဲ သူချိုး သူဝေပြီး ဟောဒီမှာ တစ်သုံးလုံးလို့ လုပ်တော့မယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါလောက် မြန်မြန်ဆန်ဆန်ကြီး ကြေညာလိမ့်မယ်လို့ ထင်မထားတာ တခုပါပဲ။ တကယ်တော့ စစ်အစိုးရက (ဖဲစကားနဲ့ ပြောရရင် ‘ရှိုး’ ကြည့်လိုက်တာ၊ သက်လုံကောင်းရင် လိုက်၊ သက်လုံမကောင်းရင် ပြေး၊ ဒါပဲ)။

အချိန်ကတော့ ရောက်နေပြီ။ ပြတ်ပြတ်သားသား စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီ။ ပြည်တွင်းက ပြည်သူတွေရော၊ အနိုင်ရပါတီဖြစ်တဲ့ NLD ရော၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေရော လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ။ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေစုပြီး မီးပုံရှို့ပြရုံနဲ့လည်း ဒီကိစ္စက မပြီးဘူး။ မြန်မာပြည်က တီးဝိုင်းလေး အဆိုတော်လေးခေါ် ပွဲလေးဘာလေး ကျင်းပပြီး ဘီယာသောက်ပြ နေရုံနဲ့လည်း စစ်အစိုးရက ပြုတ်ကျမှာ မဟုတ်ဘူး။ တနှစ်တခါလောက် နဖူးစည်း အနီပတ် သံရုံးရှေ့ သွားအော်၊ အလကားရတဲ့ ရေဒီယို လှိုင်းတိုလေးတွေကနေ ကလော်ဆဲ၊ စေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုလိုက်ပါတယ်ဆိုတဲ့ ၀ါရင့်နိုင်ငံရေးသမားဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ လေချဉ်တက်သံတွေကိုလည်း စိတ်ပျက်လှပါပြီ။ ၁၉၈၈ မှသည် ၂၀၀၈ အထိ အနှစ် နှစ်ဆယ်လုံးလုံး ကျွန်တော်တို့တတွေ အရည်မရ အဖတ်မရတွေနဲ့ အချိန်ကုန်လွန်ခဲ့တယ်ဆိုရင် တချို့ အစာကြေချင်မှ ကြေမယ်။

ကိုင်း … ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အင်မတန် ရိုးစင်းတဲ့ မြန်မာစကားပုံ တခုကိုပဲ ကိုးကားပြရမှာပဲ။ “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဒါပဲ။ ကိုယ့်ကိစ္စ ကိုယ့်ဖာသာ အားမထုတ်လို့ကတော့ ဂမ်ဘာရီလည်း မကယ်နိုင်ဘူး။ ဂျော့ဒဗလျူဘုရှ်လည်း အားမကိုးနဲ့။ သူတို့က ကူညီရုံ အားပေးရုံပဲ။ တကယ်လုပ်ရမှာက ကိုယ့်ပြည်သူတွေ။

အချိန်က သိပ်တိုနေပြီ။ အခြေအနေက မိုးထဲရေထဲမှာ …။ ဒီလိုအခြေအနေမျိုးမှာ ‘အာ’သမားတွေ မလိုဘူး။ ‘လေ’ နဲ့တိုက်မယ့် တော်လှန်ရေးသမားတွေ တချက်နောက်ဆုတ်ပါ။ တော်လှန်ရေးလုပ်တာ ညစာစားပွဲတက်တာ မဟုတ်ဘူး။ ဇာပန်းထိုးတာ မဟုတ်ဘူးဆိုတဲ့ စကားတခွန်း ကမ္ဘာ့နိုင်ငံရေးမှာ ပေါ်ထွန်းဖူးပါတယ်။ အင်မတန် ယုတ်မာပက်စက်တဲ့ စစ်အစိုးရကို သံတမန်ဆန်ဆန် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။ ဒါကတော့ အနှုတ်သဘောဆောင်တဲ့ လက္ခဏာ ဖြစ်ပါတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကတော့ စစ်အစိုးရအဖို့ ပန်းနဲ့ပေါက်သလားပဲ ထင်မှာပါ။

စစ်အစိုးရကတော့ ပြတ်တယ်။ အာဏာ လက်မလွှတ်ရဖို့အရေး ဘယ်နည်းဗျူးဟာပဲ သုံးရသုံးရ …။ ဖျာလိပ်ထဲ ၀င်မိတဲ့ ခွေးလိုပဲ။ သူ နောက်ဆုတ်လို့ မရတော့ဘူး။ သူတို့ သက်ဆိုးရှည်ဖို့အတွက် အောင်တိုးတို့အုပ်စု စီမံဖော်စပ်ထားတဲ့ သက်ရှည်ကျန်းမာ အခြေခံဥပဒေကြီးကို အတင်း ထောက်ခံခိုင်းတော့မယ်။ ဒီဆန္ဒခံယူပွဲကြီး ဖြစ်မလား၊ ပျက်မလားဆိုတာ …။ မြန်မာတွေ မညံ့ဘူးဆိုတာ ဒီလိုနေရာမျိုးမှာ ပြရမှာ။ ပါးစပ်ကြီးနဲ့ ကျုပ်တို့ဗမာတွေ မညံ့ပါဘူးဗျာလို့ ပြောရုံနဲ့ ကမ္ဘာက ယုံမှာတဲ့လား။

နောက် … ရွေးကောက်ပွဲ။
ဒီကလိန်ကကျစ် စစ်အစိုးရရဲ့ အကြီးမားဆုံး ပြဿနာက ၉၀ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ပဲ။ ဒီအရိပ်မည်းကြီးက သူတို့ကို အမြဲတစ္ဆေ ခြောက်လှန့်နေတယ်။ ဒါကို သူတို့ ပြောင်းပြန်လှန်ချင်ပြီ။ ခက်တာက ပြည်သူကလည်း တစက်မှ အယုံအကြည် မရှိဘူး။ ဒါပေမယ့် သူတို့အမြဲအားကိုးတဲ့ သေနတ်။ ပြီးတော့ ထောင်မလဲသဲကော် ကျပ်ငွေ။ ဒီနှစ်ခုနဲ့ ရွေးကောက်ပွဲမှာ တံတားခင်းမယ်။ တချို့ကို ငွေနဲ့ သွားခိုင်းမယ်။ တချို့ကို သေနတ်နဲ့ သွားခိုင်းမယ်။ ဒီကြားထဲ ကတိမ်းကပါး ဖြစ်ခဲ့ရင်။ သူတို့မှာ ၀ှက်ဖဲတွေ အများကြီးရှိပါတယ်။ ယုတ်စွအဆုံး ရွေးကောက်ပွဲ ပျက်တော့ရော သူ့တို့မှာ ဘာအရှုံးရှိလို့လဲ။

ဒီနေရာမှာ ဗကပ ရဲဘော်ဖိုးသံချောင်းနဲ့ ကျွန်တော် အမြင်မတူဘူး။ ဖိုးသံချောင်းက ရွေးကောက်ပွဲကိုဝင် လူထုမဲနဲ့ ဖြုတ်ချ ဆိုတာမျိုးကို ကြိုက်တယ်။ တကယ်တော့ ဖိုးသံချောင်း မြန်မာပြည်နဲ့ ကင်းကွာနေတာ ကြာတော့ အကြားလောက်နဲ့ပဲ သိတာ။ စစ်တပ်က ဘယ်လောက် အောက်တန်းကျ စုတ်ပဲ့တယ်ဆိုတာ ကိုယ်တွေ့ကြုံဖူးဟန် မတူဘူး။ ဟိုတုန်းက တည်မြဲဟာ စစ်တပ် ကျောထောက်နောက်ခံ ရှိလျက်သားနဲ့ သန့်ရှင်းကို ခွက်ခွက်လန်အောင် ရှုံးခဲ့တာကို သူက နမူနာပြတယ်။ အဲဒါ ဟိုတုန်းက စစ်တပ်။ အဲဒီစစ်တပ်က တည်မြဲနောက်က ကျောထောက်နောက်ခံ အနေပဲ ရှိတာ။ အခုဟာက စစ်တပ်က ဦးစီးကျင်းပပြီး စစ်တပ်ကိုယ်တိုင် ၀င်အရွေးခံမယ့် ရွေးကောက်ပွဲ။ နောက်ပြီး အရှက်အကြောက် ဂုဏ်သိက္ခာ တစက်မှမရှိတဲ့ စစ်တပ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ သူတို့ ကျောထောက်နောက်ခံပြုတဲ့ တစညပါတီ ခွက်ခွက်လန်အောင် ရှုံးပြီး အနိုင်ရပါတီကို အာဏာမလွှဲဘဲ နေရဲတဲ့စစ်တပ်။

အာဏာမလွှဲရုံတင် မကသေးဘူး။ NLD အဖွဲ့ဝင်တွေကို ဖမ်း၊ လွှတ်တော် ကိုယ်စားလှယ်တွေကို ထောင်ထဲထည့်၊ ဘာအပြစ်မှ မရှိတဲ့ ဦးဝင်းတင်ကို ထောင်နှစ်ရှည်ချ၊ ထောင်ထဲမှာ မောင်သော်ကတို့ မုံရွာတင်ရွှေတို့ သေ။ ဒီကြားထဲကပဲ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ဗြောင်လိမ်ရဲတဲ့ စစ်တပ်။ သူတို့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကြီးဆုံး ဆူးညှောင့်ခလုတ်လို့ မြင်တယ်။ ဒါကြောင့် ထောင်ထဲက လူမိုက်တွေ သူခိုး ဂျပိုးတွေကို ပိုက်ဆံပေးပြီး ဒီပဲယင်းမှာ ဒေါ်စုကို လုပ်ကြံခိုင်းတာ ဒီစစ်တပ်။ အဲဒီပွဲမှာ ဦးစီးတဲ့ စစ်ဗိုလ်ကို နိုင်ငံတော်ဝန်ကြီးချုပ် ခန့်ရဲတာ အဲဒီစစ်တပ်။ နောက်ဆုံး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ အသည်းနှလုံးကို ဆုပ်ယူဖျစ်ညှစ်သလို ခံစားလိုက်ကြရတဲ့ ရွှေဝါရောင် တော်လှန်ရေးလို့ လူသိများတဲ့ လူထုအုံကြွမှု။ မြတ်စွာဘုရား ပုံတော်နဲ့တကွ ဘုရားသားတော် ရဟန်းသံဃာတွေကို စစ်ဖိနပ်နဲ့ ကန်တဲ့အထိ ဆိုးယုတ်ခဲ့တဲ့ စစ်တပ်။ မေတ္တာသုတ်ရွတ်တဲ့ ရဟန်း သံဃာတွေကို လှံစွပ်နဲ့ ထိုးရဲတဲ့ စစ်တပ်။ အပြစ်မဲ့တဲ့ နိုင်ငံခြားသတင်းထောက် တယောက်ကို သေနတ်နဲ့ အနီးကပ် ပစ်ရဲတဲ့ စစ်တပ်။

ဒီလိုစစ်တပ်မျိုးက ပြည်တွင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲလိမ်မဲညစ်ရမှာမျိုးလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ပြောလိမ့်မယ်။ ခုတလော အင်တာနက်ကလေး ဘာလေးဖွင့်ကြည့်မိရင် အင်မတန် အော်ဂလီဆန်စရာကောင်းတဲ့ နိုင်ငံရေးသုခမိန်အချို့နဲ့ အဖွဲ့အစည်း တချို့ရဲ့ “တွေ့ဆုံဆွေးနွေးခြင်းသည်သာလျှင် အကောင်းဆုံး ဖြေရှင်းနည်း” “စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ နအဖကို တိုက်တွန်းလိုက်ပါတယ်” “ကျွန်တော်တို့ကတော့ ပြည်သူတွေ သွေးမြေမကျစေချင်ဘူးပေါ့လေ အားလုံး နှစ်ဖက် ပြေပြေလည်လည် ဆွေးနွေးတာကို မြင်ချင်ပါတယ်” ဆိုတဲ့ နိုင်ငံရေး လူလည်ကြီးသားသမီးများရဲ့ သြ၀ါဒကထာများကို မကြာမကြာ ဖတ်နေရပါတယ်။

ဒီမှာ … စစ်တပ်မှာ အာဏာမက်မောတဲ့ စိတ်မရှိဘူး၊ တိုင်ပြည် ကောင်းစားစေချင်တဲ့ဆန္ဒ အမှန်တကယ် ရှိတယ်ဆိုရင် ဒီနေ့အထိဆို ၉၀ ပြည့်နှစ် အနိုင်ရပါတီကို အာဏာလွှဲပေးလို့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတာပဲ ၁၈နှစ်ရှိရော့မယ်။ ကိုယ့်ကို “တိုင်မှတ်လို့တောင် နှပ်မသုပ်”တာ။ အဲဒါပဲ အမှတ်မရှိ တွေ့ဆုံရအောင်ပါ၊ ဆွေးနွေးကြရအောင်ပါဆိုတော့ ပုံရိုင်းရိုင်းပြောရရင် ဒီမိုကရေစီသားလေး ထွက်လာဖို့ ညှစ်ရတယ်ဗျ။ နာနာညှစ်ရတယ်။ အင်္ဂုလိမာလသုတ် ရွတ်နေရုံနဲ့ ထွက်လာမှာ မဟုတ်ဘူး။ လိုအပ်ရင် ဗိုက်ခွဲတန် ခွဲရလိမ့်မယ်။ ခုတော့ ကျုပ်တို့ နိုင်ငံရေးသုခမိန်များက အင်္ဂုလိမာလသုတ်ကိုပဲ တွင်တွင် ရွတ်နေတော့တာကိုး။

တိုင်းပြည်တပြည်မှာ အုပ်ချုပ်သူ အစိုးရနဲ့ အအုပ်ချုပ်ခံ ပြည်သူ သဟဇာတ မဖြစ်တော့ဘူးဆိုရင်၊ တနည်း ပြည်သူကလည်း အုပ်ချုပ်နေတဲ့ အစိုးရကို အယုံအကြည် မရှိတော့ဘူးဆိုရင် ပြည်သူလိုလားတဲ့ အစိုးရကို ပြောင်းပေးရတယ်။ ဖိနပ်နဲ့ ခြေထောက်မတော်ရင် ဖိနပ်ကို ပြောင်းပေးရတယ်။ ခြေထောက်ကို လှီးစရာ မလိုဘူး။ ခုတော့ ကျုပ်တို့မှာ အလှီးခံရလွန်းလို့ ခြေထောက်က ပုံပျက်ပန်းပျက် ဖြစ်နေပါပြီ။ ဒါကိုပဲ နိုင်ငံရေး သုခမိန်ယောင်ယောင် ဒီမိုကရေစီ သူရဲကောင်းယောင်ယောင် ပုဂ္ဂိုလ်တွေက အသုံးအနှုန်း တလွဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုပြီး ဆရာကြီး ၀င်လုပ်ကြသေးတယ်။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး မဟုတ်ဘူး။ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ၊ အာဏာရှင်နဲ့ ပြည်သူ၊ ဓမ္မနဲ့ အဓမ္မ ဒါရဲ့အားပြိုင်မှု၊ ဒါရဲ့ ပဋိပက္ခသာလျှင် ဖြစ်တယ်။

တချို့က ပြောသေးတယ်။ စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်းသာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဘာညာပေါ့လေ။ ကြားလို့ကတော့ အင်မတန် နားဝင်ချိုစရာ ကောင်းပါတယ်။ ပြောတဲ့လူကိုလည်း အမှတ်တမဲ့ဆိုရင် သူတော်ကောင်းကြီး သမာသမတ် ရှိသူကြီးလို့ ထင်စရာပေါ့လေ။

လင်မယားရန်ဖြစ်တဲ့ ကိစ္စမျိုးဆိုရင်တော့ အေးအေးဆေးဆေး ဆွေးနွေးကြကွာ၊ ဒေါသ ရှေ့မထားကြပါနဲ့။ မင်းကလည်း နည်းနည်းလျှော့ နင်ကလည်း နည်းနည်းလျှော့ ပြောလို့ရတယ်။ အခုဟာက လင်မယား ရန်ဖြစ်တာ မဟုတ်ဘူး။ တတိုင်းပြည်လုံးကို စစ်တပ်က ကျွန်ပြုထားတာ။ တိုင်းပြည်ကို ကုန်းကောက်စရာ မရှိအောင် ကျွန်ပြုထားတာ။ ရိုင်းရိုင်းပြောရရင် အာဏာကို အဓမ္မ မုဒိမ်းကျင့်ယူထားတာ၊ တရားဝင်အစိုးရ မဟုတ်ဘူး။ Illegitimate Government သာလျှင် ဖြစ်တယ်။ ဒီလို လူသတ်သမား မုဒိမ်းသမား အစိုးရနဲ့ ဘာကို ဆွေးနွေးပြီး ဘာကို ညှိနှိုင်းရမှာလဲ။ အနိုင်ရပါတီဖြစ်တဲ့ NLD မှာလည်း ခေါင်းတွေ လက်တွေ ခြေတွေ ဖြတ်ထားလို့ သူ့မှာ လျော့စရာဆိုလို့ ပုဆိုးပဲရှိတော့တယ်။

ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်ဆိုတာ အကျိုးစီးပွားချင်း တူရတယ်။ မျော်မှန်းချက်ချင်း တူရတယ်။ အယူအဆရေးရာ လုပ်နည်းလုပ်ဟန် သီသီလေးလွဲနေရင် ဆွေးနွေးလိုက် ညှိနှိုင်းလိုက်ရင် ပြေလည်သွားကြတယ်။ ခုလို အကျိုးစီးပွားချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ အာဏာရှင်နဲ့ ပြည်သူ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ၊ ဓမ္မနဲ့ အဓမ္မ ဘာကို သွားဆွေးနွေးမှာလဲ။

ဒါကလည်း ခုမှ စစ်တပ်က ရုတ်ချည်း သဘောထား ပြောင်းလဲသွားတာမျိုး မဟုတ်ဘူး။ သူတို့ရဲ့ အာဏာရှင်စနစ်ကို မျိုးစေ့ချပေးခဲ့တဲ့ ဗိုလ်နေ၀င်းကလည်း တက်လာလာချင်းပဲ ကျောင်းသားတွေ သတ်ပြခဲ့တယ်။ ပြီးတော့ ဓားဓားချင်း လှံလှံချင်းဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းကြီးကိုလည်း ချွေခဲ့သေးတယ်။ ၈၈ခုနှစ် ပြည်သူတွေက နိုင်ငံရေးဇာတ်ခုံပေါ်က နေ၀င်းကို ခွေးကန်ချသလို ကန်ချတော့ စစ်တပ်က ဒီတခါ မိုးပေါ်ထောင်ပစ်မှာ မဟုတ်ဘူး။ တည့်တည့်ပစ်မှာဆိုပြီး ဂန္ထ၀င်မြောက် ပြောသွားပါသေးတယ်။

သူမှမဟုတ်ဘူး။ သူ့နောက် ဆက်ခံတဲ့ စောမောင်ကလည်း စက်တင်ဘာ အာဏာသိမ်းတဲ့ ညမှာပဲ ကောင်းဘွိုင်ဆန်ဆန် တမြို့လုံးကို ကျည်ဆန်မိုးတွေ ရွာသွန်းခဲ့သေးတယ်။ ၈၈ အရေးအခင်းဟာ ပြည်သူတွေ အသေအပျောက် အများဆုံးပွဲဆိုတာ ငြင်းလို့မရပါဘူး။

စောမောင်နောက် ဆက်ခံတဲ့ သန်းရွှေလို (ကိုသာဆိုးနဲ့ အဖွဲ့) ကလည်း လက်သံပြောင်တဲ့ နေရာမှာတော့ ရွှေတံဆိပ်ဆု ချိတ်ပါတယ်။ ခုဆို ကမ္ဘာ့နံပါတ်သုံး (အယုတ်မာဆုံး အာဏာရှင်) စာရင်းဝင်သွားပါပြီ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ရဟန်းသံဃာတွေကို ခြေထောက်နဲ့ ကန်ဝံ့၊ လှံစွပ်နဲ့ ထိုးဝံ့တဲ့ စစ်တပ်မျိုးကတော့ သြချလောက်ပါပေတယ်။

နေ၀င်းရဲ့ (မဆလ)၊ စောမောင်ရဲ့ (န၀တ)၊ သန်းရွှေရဲ့ (နအဖ) ပေးချင်တဲ့ နံမည်ပေး၊ ပြောင်းချင်တဲ့ နာမည်ပြောင်း၊ အနှစ်သာရကတော့ မင်းဆိုးမင်းညစ်ပဲ။
မဆလ = န၀တ = နအဖ = မင်းဆိုးမင်းညစ်

ဒီမင်းဆိုးမင်းညစ်ဟာ ပြည်သူတွေအပေါ်ပဲ ရက်စက်တာလားဆိုတော့ မဟုတ်ဘူး။ အာဏာနဲ့ ပတ်သက်လာရင် သူ့မှာ အစိမ်းအကျက် မရှိဘူး။ ဆရာသမား မိဘ မရှိဘူး။ ဘုရား တရား သံဃာ မရှိဘူး။ ဘာမဆို လာခဲ့။ အပြတ် ချေမှုန်းမယ်ဆိုတဲ့ သူတွေ။ ဒီကနေ့ မြန်မာလူမျိုးမှန်ရင် (စစ်တပ် အပါအ၀င်) ကျေးဇူးမကင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်း။ သူ့ဓာတ်ပုံကို အလေးပြုမိရင်ပဲ ထောင်ချခံရတဲ့ ဘ၀ရောက်နေပြီ။ နောက် အာဏာရှင်စနစ်ကို မျိုးစေ့ချခဲ့တဲ့ သူတို့ရဲ့ ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်း။ Sorry ပဲ။ သမီးနဲ့ မြေးတွေ ထောင်ချ။ ဗိုလ်နေ၀င်းကို ဘယ်လို ဂါရ၀ပြုခဲ့သလဲ။ ဗိုလ်နေ၀င်း အသုဘ ဘယ်လိုချခဲ့သလဲ။ နောက် ဗိုလ်စောမောင် “ကိုယ်တို့က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား ပြန်မှာ”လို့ အာချောင်ခဲ့မိတဲ့ ပြစ်မှုကြောင့် ဗိုလ်ချုပ်မှူးကြီး ဘ၀ကနေ “အရူးကြီး”ဆိုတဲ့ ဆိုင်းဘုတ် အတပ်ခံရပြီး ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ထဲ ပါသွားရော။ နောက် ၈၈ အရေးအခင်း နှိမ်နင်းရာမှာ အဓိကအခန်းက ပါခဲ့တဲ့ ဗိုလ်ခင်ညွန့်။ အတွင်းရေးမှူးက တမိုးတွင်းလုံး ဖျောက်ဆိပ် လုပ်ပြနေတော့ ဥက္ကဌကြီး ရွှေဘောတော်ခုပြီး နှိပ်ကွပ်ပစ်လိုက်တာ ခုတော့ …။

ဒီလို သမိုင်းအစဉ်အလာရှိတဲ့ စစ်ဗိုလ်ချုပ် ကလိန်ကကျစ်တွေကို ဘေးကျပ်နံကျပ်ဖြစ်အောင် မလုပ်နိုင်ဘဲနဲ့၊ အသက်ရှူရပ်အောင် မလုပ်နိုင်ဘဲနဲ့၊ အစိုးရယန္တရားကြီး ထိုးရပ်သွားအောင် မလုပ်နိုင်ဘဲနဲ့ ဆွေးနွေးရအောင်ပါ၊ ညှိနှိုင်းရအောင်ပါလို့ တစာစာ အော်နေတာကတော့ စိတ်ကူးအယဉ် လွန်နေတာရင်လည်း ဖြစ်မယ်။ အကြောက် လွန်နေတာရင်လည်း ဖြစ်မယ်။ သေချာတာ တခုကတော့ စစ်တပ် ဒူးထောက်လာအောင် လုပ်နိုင်တဲ့ တနေ့မှာတော့ ကနေ့ နိုင်ငံရေးသုခမိန်များ စိတ်ကူးယဉ်နေတဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အကောင်အထည် ပေါ်လာပါလိမ့်မယ်။

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က နိုင်ငံတကာဖိအားတွေ ပြင်းထန်နေချိန်မှာ စစ်အစိုးရက ဒေါ်စုနဲ့ တွေ့ဆုံဖို့ဆိုပြီး အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး ခန့်လိုက်တယ်။ ကျွန်တော်တို့က အကောင်းဆုံး ပြက်လုံးတခုကို ကြားရလိုက်ရသလို တဟားဟား ရယ်နေချိန်မှာ အတော်များများက ကြိုဆိုပါတယ်။ တိုးတက်လာတဲ့ သဘောပေါ့။ အကောင်းဘက်က ရှုမြင်ပါတယ်။ ဘာညာ စုံလို့ပေါ့လေ။ တချို့ကများဆို မကြာခင်ပဲ ဒေါ်စုနဲ့ သန်းရွှေ စားပွဲဝိုင်းမှာ တွေ့ပြီး ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းတော့မယ် ထင်နေတာ။ ကျွန်တော်တို့ကတော့ နှစ်တုံး၊ သုံးတုံး စားဖူးလို့လား မသိဘူး။ သိတယ်ဗျာ။ ဒါကြီးက ဘာလဲဆိုတာ။ ကျွန်တော်တို့ အချင်းချင်း ပြောဖြစ်ကြပါတယ်။ လိုတာပေါ့၊ အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး ခန့်လိုက်တာ သိပ်ကောင်းတာပေါ့လို့ ပြောလို့ရပြီ။ တံမြက်စည်းလေး ဘာလေး ကျိုးနေရင် အောင်ကြည် လဲပေးမှာပေါ့ … လို့။

နှစ်တုံး သုံးတုံး မစားဖူးခင် ယုံမိတဲ့ အဖြစ်လေးတခုကို အခုအလျဉ်းသင့်တုန်း ရေးပြပါရစေ။ ကြာတော့လည်း ကြာပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို မေလထဲမှာ ကျွန်တော့် မိတ်ဆွေတယောက် ကျွန်တော့်ဆီ အလည်လာပါတယ်။ သူက စာသမား၊ ရှေ့နေ၊ ကျောင်းဆရာ လူထွက်၊ ဥပဒေ ဆောင်းပါးတွေလည်း ရေးတယ်။ တွေ့တော့ ကျွန်တော်က လူရင်းပီပီ ဟေ့လူ … ခင်ဗျား ဘယ်ပါတီကို မဲထည့်မှာလဲဆိုတော့ သူက ရယ်ကျဲကျဲ လုပ်နေပါတယ်။ မနေနိုင်လို့ ထပ်မေးတော့လည်း ဒီလိုပဲ စပ်ဖြီးဖြီး လုပ်နေလေရဲ့။ မေးကောင်းတဲ့ ကိစ္စမဟုတ်ပေမယ့် လူရင်းတွေပဲဆိုတဲ့ အခွင့်အရေးယူပြီး မရမကမေးတော့ … သူက ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ဘာလဲ … ခင်ဗျားက တကယ် မဲသွားထည့်မှာလား … တဲ့။ ဟာ … ထည့်ရမှာပေါ့ဗျာ … ဒီရတောင့်ရခဲ အခွင့်အရေးကြီး ဒီလိုအစိုးရမျိုးကို ဒီလိုမဲစနစ်နဲ့ ဆုံးမရမှာဆိုတော့ … ကိုယ့်လူက ခွက်ထိုးခွက်လန် ရယ်ပါတယ်။ ပြီးတော့မှ သူ့ပုဆိုးလေးကို အသာမပြီး ဒီမှာ ကိုယ့်လူ … မဲရုံကို လမ်းလျှောက်သွားရင် ဟောဒီ ခြေသလုံး ကြွက်သားတွေ ညောင်းမယ်။ ဆိုက္ကားကလေးနဲ့ သွားရင် ဆိုက္ကားခ ကုန်မယ်။ စစ်တပ်က … အနိုင်ရမယ့်ပါတီ ဆိုပါတော့ဗျာ၊ ခု ခင်ဗျားတို့ အင်မတန် ရေပန်းစားနေတဲ့ NLD နိုင်ပါပြီတဲ့။ စစ်တပ်က အာဏာလွှဲပေးမယ် ထင်သလား။ ဝေးပါသေး။ ဘယ်တော့မှ မပေးဘူးမှတ်။

ဟာ … ဟေ့လူ … ခင်ဗျား ဘာတွေ လျှောက်ပြောနေတာတုန်း။ ဒီလောက် တိုင်းသိ ပြည်သိ ကမ္ဘာသိ ကြေညာပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပေးရမှာပေါ့ ဆိုတော့ … သူ့ရှေ့မှာ ချထားတဲ့ လွယ်အိတ်ကြီးကို လွယ်၊ သူ့ထီးကောက်ကြီး ဖွင့်ပြီး သြော် … ကိုယ့်လူလည်း စစ်တပ်ကို အခုအထိ အထင်ကြီးတုန်းကိုးလို့ … ပြောပြီး ငိုက်စိုက်ငိုက်စိုက်နဲ့ ထွက်သွားပါတော့တယ်။ အဲဒီတုန်းကတော့ မိတ်ဆွေကြီးကို တယူသန်ကြီး၊ ခေါင်းမာသူကြီး၊ အတွေးခေါင်သူကြီး၊ အကောင်း မမြင်တတ်သူကြီး၊ အစွန်းရောက်သူကြီးလို့ ထင်ခဲ့ပါတယ်။ ခုနေများ ပြန်တွေ့ရင် သူ ကျွန်တော့်ကို ဘာများ ပြောလိမ့်မလဲ။

လမ်းဘေးက အပေါစား မိန်းမပျက်တယောက်ရဲ့ နှုတ်ထွက်ကတိလောက်တောင် တန်းဖိုးမရှိတဲ့၊ အာဏာနဲ့ ပတ်သက်လာရင် ဘုရား တရား သံဃာ ဆရာသမား မိဘမရှိတဲ့၊ အာဏာတည်မြဲဖို့ဆိုရင် အောက်လမ်းနည်း အထက်လမ်းနည်း ထမိန်ခြုံနည်း သူခိုးဂျပိုးနည်း မိန်းမပျက်နည်း အကုန်အစုံ သုံးရဲတဲ့၊ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးပြီး ဒုက္ခပင်လယ်ဝေမှ တို့ကို မလှန်နိုင်မှာလို့ ယူဆထားတဲ့ ဒီလိုစစ်တပ်မျိုးကို ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ပဲ ဖြစ်ဖြစ်၊ အာဏာစွန့်လွှတ်ရေးပဲ ဖြစ်ဖြစ၊် အဖျင်းဆုံး ဒေါ်စုနဲ့ ဖမ်းဆီးခံ အကျဉ်းသားများ လွှတ်ပေးရေးပဲ ဖြစ်ဖြစ် ကြိုက်တဲ့ ခေါင်းစဉ်တခုကို ရွေးပြီး စစ်အစိုးရနဲ့ ဆွေးနွေးဖို့ မျှော်လင့်တယ်ဆိုရင်ဖြင့် မျှော်လင့်သူရဲ့ အမှားသာဖြစ်ကြောင်း …။

ဒါကြောင့် နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မီဒီယာတွေကနေ နိုင်ငံရေးသုခမိန် လုပ်နေတဲ့ ပုဂ္ဂိုလ်များရော၊ ကမ္ဘာပတ်ပြီး အလှူခံနေတဲ့ ဒီမိုကရေစီ သူရဲကောင်းများရော၊ မစွန့်ဘဲ စားချင်တဲ့ ခေတ်အဆက်ဆက် ပြည်တွင်းပြည်ပက နိုင်ငံရေး ဖျပ်စားလျှပ်စားများရော … အားလုံးကို အငြိမ့်လူရွှင်တော်များ မင်းသမီးခေါ်ခါနီး ပြောလေ့ရှိသလို …

“ကိုင်း … ကိုင်း … အပြောစခန်းလေးရပ် … အလုပ်စခန်းလေးနဲ့ ပြကြပါစို့လား …” လို့ပဲ။

စံကွန့်

အပြည့်အစုံသို့...

Thursday, March 27, 2008

(၆၃)နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်း အကြောင်းအရင်း(၄)ရပ်
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
(စာမျက်နှာပေါ်တွင် တချက်ကလစ်ပြီး ဖတ်ပါ)
ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့
သည်းထိတ်ရင်ဖို လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြပုံ

(စာမျက်နှာပေါ်တွင် တချက်ကလစ်ပြီး ဖတ်ပါ)
(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရေးသားသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ပထမတွဲ ဒုတိယပိုင်းမှ ကောက်နှုတ်ဖော်ပြပါသည်)

အပြည့်အစုံသို့...

Tuesday, March 25, 2008

အကြံပြု ပေးစာ (၂၅-၃-၂၀၀၈)

ဆရာခင်ဗျား …

အားလုံးက ပြတ်သားသော စကားလုံးကို အထဲသို့ ပေးသင့်ပြီဟု ထင်ပါသည်။ NO VOTE ဆိုသည်ကိုပေါ့။ ထိုအပြင် စာစကား၊ အသံနှင့်အတူ အားလုံးဝိုင်းပြီး ထပ်တူလုပ်ဆောင်လိုဖို့လည်း အရေးကြီးပေသည်။ မဲပေးနိုင်သော ဦးရေ၏ ထက်ဝက်မကျော်နိုင်သော လူဦးရေကိုသာ ကြံ့ဖွတ်က ပိုင်ဆိုင်ထားပါသည်။ သို့ပါသော်လည်း မဲသွားမပေးခြင်းနှင့် စတင်တိုက်ခိုက်ခြင်းဖြင့် ရရှိနိုင်သောအကျိုးမှာ ဆန္ဒခံယူပွဲ အောင်မြင်စွာ ကျင်းပနိုင်သည်ဟူသော အကြောင်းကို မကြေညာနိုင်ခြင်းကြောင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲကို ချေဖျက်လိုခြင်းနှင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါဝါချခြင်းမှ ကာကွယ်နိုင်သည်ဟု မြင်ပါသည်။

မည်သို့ပင်ဖြစ်စေ မဲသွားပေး၍ ရရှိလာသော အကြောင်းတရားမှာ မဲပေးနိုင်သော လူဦးရေ၏ ထက်ဝက်ကျော်၍ ဆန္ဒခံယူပွဲ အောင်မြင်စွာ ကျင်းပနိုင်သည်ဟူသော အကြောင်းကို အခြေခံပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို ချေဖျက်နိုင်သလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါဝါကိုလည်း ချလိုက်၍ရပါသည်။
သာမန်ပါတီအဖြစ် ဆိုသည့်ဘ၀နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ၀င်ရောက်ခိုင်းခြင်းဖြင့် ရှေ့သိုဆက်ရန် လုပ်ပေမည်။

အကယ်၍ အခြေခံဥပဒေကို ကန့်ကွက်လည်း ပြန်လည်ရေးဆွဲရေးသည် ညာဘက်အိတ်မှ ဘယ်ဘက်အိတ် ပြောင်းခြင်း၊ ပုံစံတူ အ၀တ်စားကို အရောင်ပြောင်းဝတ်မယ် ဆိုတာကို သေချာပေါက် ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးအဖွဲ့များ၏ တင်ပြခြင်းကို သေသေချာချာ ပြန်လည်စဉ်းစား ဖြေကြားခြင်းလည်း မလုပ်ဘဲ တို့လိုတန်းလန်း ထားသလို၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးကိုလည်း ပြီးအောင် မလုပ်ဆောင်နိုင်သေးဘဲ ၄င်းတို့က ခံစစ်ကျင်းအဖြစ် ထားထားသော အမျိုးသားညီလာခံမှ ထွက်လာသည့် အခြေခံဥပဒေနှင့် ပြန်ပြီးတော့ လွှဲပြောင်း ကိုင်တွယ်မည်ဖြစ်သောကြောင့်လို့ ပြောရမည် ဖြစ်ပါသည်။

ဆိုလိုသည်မှာ ထို့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် အကျပ်အတည်းကြားတွင် ရောက်ပြီး နအဖအနေနှင့် ၄င်းတို့ ခံစစ်ထားသော နိုင်ငံအရေးကြီးပါဝါကို ကစားရန်အတွက် ပုံစံမျိုးစုံနှင့် လုပ်၍ကောင်းသော အခြေအနေ ဖြစ်အောင် အကွက်ကျကျ ပြင်ဆင်လုပ်ဆောင် နေသောကြောင့် ဖြစ်သည်ကို တင်ပြရင်း NO VOTE ကိုသာ ပြတ်ပြတ်သားသား အော်၍ နအဖခင်းကျင်းသော စစ်မြေပြင်တွင် ၁၉၉၀ ပြည့် ပြည်သူ့ကိုယ်စားလှယ် အားလုံးအား ၀ိုင်းရံကာ အစိုးရတရပ် ပေါ်ပေါက်ရန်သာ စောက်ချ လုပ်ဆောင်စေလိုကြောင်း တင်ပြရပါသည်။

စိုင်းမွန်

အပြည့်အစုံသို့...

ငါးလောင်းပြိုင်လူသတ်မှု သတင်းဆောင်းပါးရေးသားတဲ့ 7 days new journal အပိတ်ခံရတဲ့အပြင် အယ်ဒီတာပါ တရားစွဲခံရမည့် အရေးကို ရင်ဆိုင်နေရ

ပေးပို့သူ - မဆုမွန်

ရန်ကုန်ကမာရွတ် လူကုံထံရပ်ကွက်အတွင်း ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မူရဲ့ နောက်ဆက်တွဲ အသုဘ အခမ်းအနားအကြောင်း ဇာတ်လမ်းသဖွယ် သတင်းဆောင်းပါး ရေးခဲ့တဲ့ 7 days new journal အယ်ဒီတာကို ကမာရွတ်ရဲစခန်းက တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်လို့ ဂျာနယ်နဲ့ နီးစပ်သူ ပြည်တွင်းသတင်းထောက်တွေက ပြောပါတယ်၊၊

တရားခံ လူသတ်သမားကို ရှာပေးရန် အမိန့်နာခံသည့် ၀ိညာဉ်လေးခုလို့ အမည်ပေးထားတဲ့ အဆိုပါ သတင်းဆောင်းပါးထဲမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ အသတ်ခံခဲ့ရတဲ့ ရုပ်အလောင်းတွေကို လူသတ်သမားကို ဖော်ထုတ်ပေးဖို့ ဂမ္ဘီရဆန်ဆန် အမိန့်ပေး တောင်းဆိုခဲ့ပုံကို အသေးစိတ် ရေးသားထားပါတယ်၊၊ အသုဘ အခမ်းအနား ကျင်းပနေချိန်မှာ ဒုရဲမှူးအဆင့်ရှိ ရဲအရာရှိနဲ့ ရဲအရာရှိနှစ်ဦးတို့ အလောင်းစင်တွေရှိရာ တိုးဝှေ့ဝင်လာပါတယ်၊၊ နောက် တန်းစီထားတဲ့ ရုပ်အလောင်း တစ်ခုချင်းစီမှာ ရပ်ပြီး ရွှေမန်းလို့ နံမည်ကတ်ပြား တပ်ထားတဲ့ ဒုရဲမှူးက စာအုပ်ထဲက မင်အပြာနဲ့ ရေးထားတဲ့ စာသားတွေကို ဖတ်ရှုပြီး နှုတ်ကနေ သတ်သွားတဲ့ တရားခံတွေကို အမြန်ဆုံး တွေ့အောင်ရှာပေးပါလို့ တတွတ်တွတ် ရွတ်သွားတဲ့အကြောင်းကို အမည်၊ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာ ဖြစ်တာပါတယ်၊၊ အခုလို ရဲတပ်ဖွဲ့ဝင်တွေကို အမည်နဲ့တကွ ဖော်ပြခဲ့တာဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် လုပ်တယ်ဆိုပြီး သတင်းဆောင်းပါး ရေးသားသူကို ရဲတပ်ဖွဲ့က အသေရေဖျက်မှုနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်၊၊

အဆိုပါ သတင်းဆောင်းပါး ရေးသားသူ အယ်ဒီတာရဲ့ နေအိမ်အထိ ညပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက် စုံစမ်းမေးမြန်းမှုတွေကို ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ အယ်ဒီတာကို ရဲတပ်ဖွဲ့က နေအိမ်အထိ လိုက်လံခေါ်ဆောင်ပြီး တရားရုံးမှာ စစ်ချက်ပေးခဲ့ရပါတယ်လို့ ဂျာနယ်နဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်၊၊ အယ်ဒီတာ ရေးသားထားတဲ့ အဆိုပါ ဆောင်းပါးအထဲမှာ နိုင်ငံရေးတွေ မသမာမှုတွေ ဘက်လိုက်မှုတွေ ပါနေတယ်လို့ ရဲမှူးက စွပ်စွဲပြောဆိုကြောင်း အဲဒီလို လူအများအပြားရှေ့မှာ အခုလို ရဲတပ်ဖွဲ့က အရာရှိတွေ လုပ်သွားတဲ့ အသုဘ အခမ်းအနား မြင်ကွင်းကို ရိုးရိုးသားသား အမြင်အတိုင်း ရေးဖွဲ့ပြတာကို အခုလို နိုင်ငံရေးပါတယ်လို့ အရောင်ဆိုးပြီး စွပ်စွဲခံရတဲ့အပေါ် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ အယ်ဒီတာနဲ့ နီးစပ်သူက ပြောပါတယ်၊၊

အခုလို ငါးလောင်းပြိုင်သတင်းကို စာပေစိစစ်ရေး ခွင့်ပြုချက်မရဘဲ ဖော်ပြခဲ့တဲ့အတွက် ပြီးခဲ့တဲ့ အပတ်ကပဲ 7 days new journal ကို ထုတ်ဝေခွင့် ပိတ်လိုက်ပါတယ်၊၊ မတ်လ (၁၃)ရက်နေ့ထုတ် အတွဲ ၇ အမှတ် ၁ 7 days new journal မှာ ဖော်ပြခဲ့တာပါ၊၊ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်မရသေးဘဲ နောက်ဆက်တွဲ သတင်းမှာ တင်ခဲ့တဲ့အတွက် ထွက်ရက်နဲ့ နောက်ဆက်တွဲ စာမူကျချိန် တူသွားလို့ အမှားပြင်ဆင်ချိန် မရလိုက်ဘဲ ငါးလောင်းပြိုင်အမှုဆောင်းပါး ပါသွားရတာဖြစ်တယ်လို့ ဂျာနယ်နဲ့ နီးစပ်သူတွေက ပြောပါတယ်၊၊

ဒါကြောင့် စာပေစိစစ်ရေးက အပတ်စဉ်ပုံမှန် ဗုဒ္ဓဟူးနေ့တိုင်းထွက်တဲ့ 7 days new journal ဂျာနယ်ကို ထုတ်ဝေဖြန့်ချိခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်၊၊ ဒါကြောင့် မတ်လ (၁၉)ရက်နေ့ မနေ့ကစပြီး ဂျာနယ် ထုတ်ဝေခွင့် ရပ်နားခဲ့ပါတယ်၊၊ ဂျာနယ်ထုတ်ဝေခွင့် ပိတ်တဲ့အပြင် အခုလို ရဲတပ်ဖွဲ့က ထပ်ပြီး 7 days new journal အယ်ဒီတာကို သတင်းထဲမှာ ရဲကို သိက္ခာချပြီး ရေးတဲ့အတွက် အသေရေဖျက်မူနဲ့ တရားစွဲဆိုဖို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊၊

7 days new journal ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်ရဲ့ သားဖြစ်သူ ကိုသောင်းစုငြိမ်းက ထုတ်ဝေနေတာ ဖြစ်ပါတယ်၊၊ ဂျာနယ်ကိုတော့ လူငယ်သတင်းစာဆရာတွေက ဦးဆောင်ပြီး လှုပ်ရှားနေကြတာ ဖြစ်ပါတယ်၊၊ အရင်က 7 days new journal ကို ကိုကို(စက်မူတက္ကသိုလ်)က ဦးစီးခဲ့ပြီးနောက်ပိုင်း ကိုကို(စက်မူတက္ကသိုလ်) က Flower News journal အမည်နဲ့ ဂျာနယ်တစ်စောင်ထုတ်ပြီး ခွဲထွက်သွားတဲ့အတွက် လူငယ်သတင်းထောက်တွေကိုယ်တိုင် ဦးဆောင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်၊၊

အလားတူ အပတ်စဉ် စနေထုတ် The Voice ဂျာနယ်မှ ယင်း လူသတ်မှုခင်းသတင်းအား မျက်နှာဖုံးသတင်းနှင့် ဓာတ်ပုံ ဖော်ပြခဲ့သည့် အတွက် စာပေစိစစ်ရေးမှ ခေါ်ယူကာ ခံဝန်ချက် ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။ သို့သော် ငါးလောင်းပြိုင် လူသတ်မှုခင်း သတင်းအား နအဖစစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည့်အတိုင်း ပြန်လည်ဖော်ပြခွင့်တော့ ပြုခဲ့သည်။
မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး လုံခြုံရေး တင်းကြပ်စွာ ချထားသည့် ရပ်ကွက်ရှိ နေအိမ်တခုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖော်တဦး စုစုပေါင်း ၅ ဦး မတ်လ ၃ ရက်နေ့က နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

7 days new journal တွင် ဖော်ပြခဲ့သည့် မူရင်းဆောင်းပါး
(စာမျက်နှာပေါ် တချက်ကလစ်ပြီး ဖတ်ပါ)

အပြည့်အစုံသို့...

Monday, March 24, 2008

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ပြောကြားချက်

နောင်အခါလာ နောင်အခါဈေး လုပ်လို့မရ

နိုင်ငံရေးဖြေရှင်းမှု ဆိုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ ချုပ်ဆို ကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မလုပ်နိုင်ဘဲကွာ အရှုံးသာပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည် မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက် အလောမကြီးဘူး။ တဖြေးဖြေး ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုး တွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက်လုံး မျှော်လင့်နေတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ်အားလုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း ၅၀ စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ်ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရုမစိုက်ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေးဆိုရင် တဖက်က တပ်မတော်ရဲ့ အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်မယ်လို့ သူကပြောထားတယ်။ အဲဒီတော့ နောင်တချိန် ပြင်ချင်ရင် ကျနော်တို့ နောင်လာ နောက်သားတွေကလည်း အသက်နဲ့ လဲပြီးတော့ပြင်ကြ ဆိုပြီးတော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော်သတိပေးချင်တာပါ။
(ဘီဘီစီ၏ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’အစီအစဉ်တွင် ဖြေကြားချက်)

အပြည့်အစုံသို့...

စက်တင်ဘာရဲ့ မမေ့ရက်တဲ့ နေ့ရက်ဆိုးများ

စက်တင်ဘာရဲ့ မမေ့ရက်တဲ့ နေ့ရက်ဆိုးများ
မြန်မာအမျိုးသမီးတဦး

စက်တင်ဘာ … မှသည် … ဒီဇင်ဘာ၊ ဒီဇင်ဘာမှသည် မတ်လ။ အချိန်တွေကို အဲသလို ကျော်ဖြတ်ခဲ့ပေမယ့် နှစ်ဟောင်းမှာ ကြေကွဲစရာတွေကို ချန်ထားရုံ ချန်ထားခဲ့ရက်မှာလား။ ပုံမှန် လှုပ်ရှားရုန်းကန် သွားလာမှုတွေနဲ့ အေးဆေး တည်ငြိမ်နေပြီဆိုတဲ့ ကျမတို့ မြန်မာပြည်။ ဖြစ်ခဲ့သမျှတွေဟာ ဒီလိုနဲ့ပဲ ပြီးဆုံးသွားတော့မှာလား။ ဒီလိုပဲ ပြီးခဲ့ရတာပါပဲလို့ ပြောတဲ့သူတွေကို တခုတော့ ကျမပြောချင်ပါတယ်။ ဒီလိုနဲ့ပဲ ကျမတို့ ကြုံခဲ့သမျှတွေကို ခေါင်းငုံ့ခံခဲ့ကြလို့ ခုချိန်ထိ အာဏာရှင်တွေ လက်အောက်က မလွတ်မြောက်နိုင်ခဲ့သေးတာ ဆိုတာကိုပါ။ တကြိမ်တည်းနဲ့တော့ မရနိုင်ဘူး။ နောက်အကြိမ်တွေအတွက် ပြည်သူတွေ သွေးအေးမသွားကြပါနဲ့ဦးလို့ ကျမပြောချင်တယ်။ ကျမတို့ရဲ့ သားတွေ မြေးတွေ နောင်ရေးအတွက် ကျမတို့မှာ တာဝန်ရှိပါတယ်။ အာဇာနည်တွေ ပေါများလှတဲ့ ကျမတို့ မြန်မာပြည်။ ဒီလောက်တောင် စဉ်းစားဉာဏ် နည်းပါးပြီး တိုင်းပြည် ဆုတ်ယုတ်ပျက်စီးအောင်၊ စုတ်ပြတ် သတ်အောင် လုပ်နေတဲ့ လူတစုရဲ့ လက်အောက်က ဘာဖြစ်လို့ ကျမတို့ မလွတ်မြောက်နိုင်ကြတာလဲ။

စက်တင်ဘာ အရေးအခင်း ဖြစ်လာတာ ဆီဈေးနှုန်းတွေ ရုတ်တရက် တက်သွားတာ သက်သက်ကြောင့်လို့ တော့ ကျမအနေနဲ့ မထင်မိဘူး။ မြန်မာပြည်သူ ပြည်သားတွေမှာ ခံစားနေရတဲ့ ဒုက္ခတွေ ခါးသီးပြည့်နှက် နေတဲ့အချိန် နောက်ထပ်တိုးလာတဲ့ ဒုက္ခတခုအတွက်တောင် ခံစားနိုင်စွမ်းမရှိတော့လို့ ပေါက်ကွဲထွက်သွား ရခြင်းလို့ပဲ သာမန်နားလည်မိပါတယ်။

ကျမက နိုင်ငံရေးတွေ ၀ါဒတွေ မသိတဲ့၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲလည်း မရှိတဲ့ သာမန်ပြည်သူတဦးပါ။ ကျမတို့ ပြည်သူတွေဟာ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြေပြေလည်လည်နဲ့ အေးအေးချမ်းချမ်း နေရတဲ့ (ကိုယ့်အိမ်ထဲ ကိုယ်နေပြီး ဗိုလ်တကာ့ ဗိုလ်တွေကို ကြောက်နေရတဲ့ အခုလို ဘ၀မျိုးမဟုတ်တဲ့) ဘ၀မျိုးကိုတော့ လိုချင်ကြမှာပါပဲ။ ပြည်သူတွေ ဘာတွေ လိုအပ်နေကြသလဲ၊ ဘာတွေ အဆင်မပြေ ဖြစ်နေကြသလဲ ဆိုတာကို မကြည့်ဘဲ မျက်မှောက် အခြေအနေကို မျက်ကွယ်ပြု၊ ပြည်သူ့အသံတွေကို နားခါးနေတဲ့ အစိုးရကို ဘယ်ပြည်သူက ကြည်ဖြူပါ့မလဲ။ ကျမလို သာမန်လူတယောက်တောင် ဆီဈေးတွေ ရုတ်တရက် တက်သွားပြီး ပြည်သူတွေ ဟိုပြေး ဒီပြေး ဒုက္ခရောက်နေတာ တွေ့မြင်လိုက်ရတော့ မုန်တိုင်းရဲ့ အနံ့အသက်ကို ခံစားမိလိုက်တယ်။ တိုင်းပြည်ကို အုပ်ချုပ်ချင်နေတဲ့ သူတွေ ရှိသမျှ အခွင့်အရေးတွေ အချင်းချင်း လုယူဖို့၊ ကိုယ့်စားခွက် ဘယ်သူဝင်လုမလဲ မာန်စောင်နေရတာတွေ အတွက်ပဲ အချိန်ကုန်နေကြလို့ ဒါတွေကို မသိမမြင်ကြတာလား။ ပြည်သူတွေ ခံစားနေကြရတဲ့ ဒုက္ခတွေ၊ ပြည်သူတွေရဲ့ တကယ့် အခြေအနေ မှန်တွေကို မမြင်လောက်အောင်ကို လစ်လျူရှူထားလို့ပဲလို့ ကျမ ရင်နာနာနဲ့ သဘောပေါက်လိုက် ရပါတယ်။

တနေ့ထက် တနေ့ ပိုတိုးတိုးလာတဲ့ ဒုက္ခတွေကို အသံတိတ် ကြိတ်မှိတ်လို့ ခါးစည်းသာ ခံကြပေတော့။ အသံမထွက်နဲ့ …၊ အစိုးရကို အကြည်ညိုပျက်အောင် မလုပ်နဲ့။ စိတ်နဲ့တောင် မပြစ်မှားနဲ့။ လက်ထဲမှာပဲ ဥပဒေရှိတယ်။ လက်ထဲမှာပဲ အမှားအမှန် ရှိတယ်၊ လက်ထဲမှာ သေစေတတ်တဲ့ သေနတ်တွေ ရှိတယ်။ ကျည်ဆံတွေမှာ မျက်စိမပါဘူး။ အဲသလို ခြိမ်းခြောက်မှု များစွာအောက်မှာ၊ မမျှတမှုတွေကြားမှာ၊ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေနဲ့ ကြီးပြင်းလာကြရတဲ့ ပြည်သူတွေ ကြောက်တတ်ကြတာ အပြစ်လို့ မယူဆမိဘူး။ ကဲ … ဒီလောက် ကြောက်တတ်တဲ့ ပြည်သူတွေ ဆန္ဒပြပွဲထဲ ထွက်လာကြတဲ့ အဖြစ်ဟာ ဘာကြောင့်လဲ။ သတ္တိရှိပြီး ပြည်သူတွေဘက်မှာ အမှန်တရားဘက်မှာ ရပ်တည်ရဲတဲ့ ခေါင်းဆောင်တွေကို ယုံကြည်ကြလို့လို့ ကျမပြောရဲပါတယ်။

ရှေ့ဆုံးမှာ ကိုယ်တိုင်နေပြီး တရားမျှတခြင်းနဲ့ ရဲရင့်ခြင်းကို ပြသခဲ့တယ်။ ဒါဟာ လုပ်ကြံညာဖြီးလို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ။ ၈၈-မျိုးဆက်ကျောင်းသားတွေက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြပွဲတွေ လုပ်ခဲ့ပြီးတဲ့နောက် ဆန္ဒမှန် ဖော်ထုတ်ပြရဲတဲ့ ပြည်သူတွေ တဖြည်းဖြည်း ပါလာကြပါတယ်။ အဲဒီဆန္ဒပြတဲ့ သူတွေကို နအဖလက်ကိုင်တုတ်တွေက အတင်းအကြမ်းဖက် ဆွဲလွဲပြီး ကားတွေပေါ် အင်အားသုံး အကြမ်းဖက်ပြီး ဖမ်းဆီးခဲ့ကြပါတယ်။ အခွင့်အရေးလေး နှစ်ပြားတပဲဖိုး ရထားတာကို အဟုတ်ကြီးထင်ပြီး ရှူးတိုက်တိုင်း ကိုက်ဖို့ပြင်နေတဲ့ ယုံကြည်ချက်မရှိ၊ ရည်မှန်းချက်မရှိ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိတဲ့ လူ့အန္ဓတွေကိုပဲ သူတို့(နအဖစစ်အုပ်စု) စည်းရုံးနိုင်ပါလိမ့်မယ်။

လက်နက်လည်းမရှိ လုပ်ပိုင်ခွင့်တွေလည်း မရှိပေမယ့် ပြည်သူတွေနဲ့ တသားတည်း ကျနေတဲ့ (သူတို့မှာ မရှိတဲ့ ) အရည်အချင်းတွေ ရှိနေတဲ့ သူတွေကိုတော့ စစ်အုပ်စုက လုံးဝ လိုလားတာ မဟုတ်ပါဘူး။ အဲလို ပြည်သူတွေနဲ့ တသားတည်းကျတဲ့ သူတွေ ပေါ်လာရင်လည်း ဖြစ်တဲ့နည်းနဲ့ သူတို့ တားဆီးပါလိမ့်မယ်။ ဒါပေမယ့် လူတွေက မတရားတာကို ခံလာရတာ များတော့ ခါးသီးလာကြပါတယ်။ ကိုယ်တိုင် မပါရဲရင်တောင် ဘေးကနေ အားပေးကြတာကိုကြည့်ရင် ပြည်သူ့ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သူတို့သိဖို့ ကောင်းပါတယ်။ အမှန်တရားကို ရင်မဆိုင်ရဲလို့၊ မျက်စေ့မှိတ်ပြီး ဇွတ်ငြင်းနေတာမျိုး မဟုတ်တာတွေ လျှောက်ပြောနေတာမျိုးကတော့ ပြည်သူတွေက ပိုပြီး အယုံအကြည်ပျက်အောင် အရိုအသေတန်အောင် လုပ်နေသလိုပါပဲ။ အဲဒါမျိုးက ကိုယ်တိုင်မလုပ်ရင် ဘယ်သူမှ လုပ်လို့မရပါဘူး။ နအဖအနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးနေတယ်ဆိုတာကို သဘောမပေါက်လို့ အဲသလိုလုပ်နေတာပါ။

ပိုပြီးဆိုးတာက မကျေနပ်မှုတွေကြောင့် ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ ဖြစ်ပွားလာတဲ့အပေါ် ကိုင်တွယ်တာ တော်တော်ကို ညံ့ဖျင်းလွန်းပါတယ်။ ကျမကတော့ တိုင်းပြည်ကို (သဘောတူတူ၊ မတူတူ) အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့တော့ ဒီလို ကိစ္စမျိုးကို ပါးပါးနပ်နပ် ကိုင်တွယ် လုပ်ဆောင်သွားသင့်တယ်လို့ ယူဆတာပဲ။ အခုတော့ စက်တင်ဘာ အရေးတော်ပုံကို ဖြိုခွင်းလိုက်ပုံကြောင့် စစ်တပ်အစိုးရဆိုတာ အကြမ်းဖက်တာပဲ တတ်တယ်လို့ ပြည်သူတွေက လုံးဝဥဿုံ ယုံကြည်သွားပါတော့တယ်။

ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာပြည်အနေနဲ့ ပခုက္ကူမှာဖြစ်တဲ့ ကိစ္စကတော့ တော်တော်ကြီး အရုပ်ဆိုး အကျည်းတန်ပါတယ်။ ကိုယ့်အတွက် ကိုယ့်နေရာတခုကလွဲရင် ကိုးကွယ်ယုံကြည်ရာ ဘာသာ သာသနာကိုပါ နင်းချေရဲတဲ့ တဖက်စွန်းရောက်နေတဲ့ အာဏာရူးမှုကို အဲဒီပခုက္ကူကိစ္စမှာ သေသေချာချာ မြင်လိုက်ရပါတယ်။ တကယ်ဆို သာသနာ့အနွယ်ဝင် ရဟန်းတော်တွေပဲ။ သင်္ကန်းမြင်တာနဲ့ ဘုရားသားတော် သာသနာတော်ထမ်းပဲဆိုပြီး ကြည်ညို ဦးချရမှာပါ။ အဲသလိုလုပ်လိုက်ရင် ကိုယ်မှားသွားကို တောင်းပန်ဝန်ချတာ အောက်ကျတယ်လို့ ထင်မြင်ယူဆစရာ မရှိတဲ့အပြင် မှားတာကို ၀န်ခံရဲတဲ့ သတ္တိတော့ ရှိရှာသားပဲလို့ အဆိုးတွေထဲက အကောင်းမြင်စရာ တကွက်တော့ ရှိလာပါဦးမယ်။ သတင်းတွေ ကြားစကတော့ မယုံတ၀က်ရယ်။ လုပ်လိမ့်မယ် မထင်ခဲ့မိကြဘူးလေ။ ပုံကြီးချဲ့သတင်းတွေ ဖြစ်မှာပါလို့ပဲ နေခဲ့ကြတာ။ ရဟန်းတော်တွေ ဒေါသထွက်နေကြတာ သတင်းထဲပါလာတော့ အခြေအနေတွေ ပိုဆိုးကုန်ကြတော့မယ် ဆိုတာကို သိလိုက်တယ်။ သူတို့အနေနဲ့ လုပ်လို့ရတာတွေ အများကြီးပါ။ ရဟန်းတော်တွေကို တောင်းပန်၊ ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူပေးလိုက်ရင်ကို တော်တန်ရုံ ပြီးသွားမယ့်ဥစ္စာ …။ မိုက်တွင်းနက်လိုက်လေတော့ အ၀ိစိထိ ဆင်းဖို့ပဲ ကျန်တော့တာပေါ့လေ။

အဲဒီရက်ပိုင်းတွေမှာ မုန်တိုင်းရှိတော့ ရာသီဥတုက မှုံမှုံမှိုင်းမှိုင်း။ သံဃာတော်များက ပခုက္ကူမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဟန်းတော်များအား လူသိရှင်ကြား ၀န်ချတောင်းပန်ဖို့ တောင်းဆိုတဲ့အနေနဲ့ အေးချမ်းစွာ ပရိတ်ရွတ်ဖတ် လမ်းလျှောက်ဆန္ဒပြပွဲတွေ နေရာအနှံ့ ပေါ်ပေါက်လာတယ်။ တကယ်ဆို မြန်မာပြည်လို ဗုဒ္ဓဘာသာတိုင်းပြည်မှာ သံဃာ့အားက ကြီးမားလှပါတယ်။ သံဃာထု နောက်မှာလည်း ဗုဒ္ဓဘာသာဝင် ပြည်သူလူထုက အများအပြား။ ယုံကြည် သဒ္ဓါအားကောင်းတဲ့ မြန်မာပြည်သားများအတွက် ကိုယ့်စော်ကားတာမှ သည်းခံနိုင်သေးရဲ့။ ကိုယ်အထွတ်အထိပ်ထား အမြတ်တနိုးထားတဲ့ သူတွေကို စော်ကားတာမျိုးကျတော့ ပိုနာတတ်ကြသေးသည်ပဲ။

အဲဒီမှာ သူတို့လွန်မှန်း မှားမှန်းသိသွားတော့ စစ်အုပ်စုက နည်းနည်း ကိုယ်ရှိန်သတ်သွားတယ်။ နောက်ပိုင်း သံဃာတော်တွေ ပရိတ်ရွတ်ဖတ် ဆန္ဒပြပွဲများတွေမှာ ၀င်ရောက်တားဆီးခြင်း မပြုခိုင်းဘဲ အသာစောင့်ကြည့်စေခဲ့တယ်။ သံဃာတော်တွေက သူတို့သံဃာ့အရေးမို့ ပြည်သူများမပါဝင်ဖို့ ဒေါသထွက်နေတဲ့ ပြည်သူတွေကို မေတ္တာရပ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၇-ရက်နေ့ နောက်ဆုံးထားပြီး လူသိရှင်ကြား ၀န်ချတောင်းပန်ခြင်းမပြုက နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

ကျမတို့ကတော့ အခုမှ ကြုံဖူးတဲ့ ရဟန်းတော်တွေပါဝင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ကံဆောင်မှုတွေကို စိတ်အားထက်သန်စွာ မျှော်လင့်ထားခဲ့ကြပါတယ်။ တကယ်ပါပဲ။ သံဃာတော်တွေ ကံဆောင်ခဲ့ကြပါပြီ။ အဲဒီအချိန်တွေမှာ မိုးတွေကလည်း ကောင်း၊ မိုးတွေ ရေတွေကြားမှာ ၀ိနည်းတော်နဲ့အညီ လွှမ်းခြုံထားတဲ့ သင်္ကန်း စိုစို လေးလေးတွေနဲ့ ဒေါသမပါ ငြိမ်းအေးစွာ မေတ္တာသုတ် ရွတ်ဆိုနေတဲ့ အသံတွေ လမ်းတွေပေါ်မှာ ကြားလာရပါတယ်။ မြင်တဲ့သူတွေ ဘယ်လို ခံစားရမလဲ။ မတုန်လှုပ် ဘယ်သူ နေနိုင်မလဲ။ ပြောကြဦးလေ။ အာဏာကို အချောင် ဖြတ်လမ်းက လိုချင်နေကြတဲ့ ဘုန်းကြီးတွေလို့။ သံဃာတော်တွေရဲ့ မေတ္တာဓာတ်မှာ မေတ္တာအရင်းခံ ရှိပြီးသားဖြစ်တဲ့ ပြည်သူတွေအနေနဲ့ အလွယ်တကူ စီးကူး ပေါင်းစည်းမိသွားကြပါတယ်။ သနားစရာ ကောင်းလောက်အောင် မေတ္တာကို မခံစားခဲ့ဖူးကြတဲ့ သူတွေကတော့ သရဲတစ္ဆေတွေ ပရိတ်တရား မနာဝံ့သလိုဘဲ ဖြစ်နေခဲ့မယ် ထင်တယ်။ စနစ်ကျလှစွာ စည်းကမ်းတကျ ပရိတ်ရွတ်ဖတ် လမ်းလျှောက် ကံဆောင်လာကြတဲ့ သံဃာတော်များကို ပြည်သူတွေ ကျောင်းသားအရွယ် လူငယ်လေးတွေသာမက လူကြီးတွေပါ ၀ိုင်းဝန်းကာရံ ပေးထားကြတာ မြင်တွေ့ရတဲ့ ကျမတို့ရဲ့သွေးတွေ ပြန်လည် ပူနွေးလာကြပါပြီ။ ဒါ ဗမာဟေ့။ ဘယ်တော့မှ ပျောက်ကွယ် ငုတ်လျှိုးမသွားမယ့် တို့မြန်မာတွေရဲ့ အမှန်တရားဘက်က သတ္တိသွေးတွေဟေ့ …။

လူငယ်လေးတွေက ဆံပင် နီကြောင်ကြောင်လေးတွေ၊ ကိုးရီးယား မင်းသားစတိုင်လေးတွေ ပါမယ်။ မိန်းကလေးတွေက ခြေသလုံးတ၀က် ဘောင်းဘီစကတ်လေးတွေ။ ဂျင်းဘောင်းဘီရှည်တွေ ၀တ်ထားကြတာတွေလည်း ပါမယ်။ ထိုင်မသိမ်းနဲ့ ရင်ဖုံးဝတ်မှ မြန်မာပီသမတဲ့လား။ ယဉ်ကျေးမှုဆိုတာ အပေါ်ယံထိန်းသိမ်းရုံနဲ့ ရမတဲ့လား။ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တို့ မြန်မာလူငယ်တွေရဲ့ အသွေးအသားထဲမှာ ရှိနေတယ်လေ။ ကျမ အားတက်ခဲ့ရတယ်။ သံဃာတော်များ ကြွချီလာတဲ့ လမ်းတလျှောက်မှာ ပြည်သူတွေ တခဲနက် အားပေးနေကြတာကို ကြည့်ပြီး ရင်တွင်း ဆန္ဒအမှန်တွေကို မြင်နိုင်ခဲ့ကြပါတယ်။ ကြောက်ရွံ့စိုးထိတ်မှုတွေရဲ့ နောက်ကွယ်က တကယ့်ဆန္ဒ အစစ်အမှန်တွေကို မြင်တွေ့ကြရတာပါ။ ဒီနေရာမှာတော့ တိုင်းပြည်ချစ်တဲ့ တာဝန်သိ ပြည်သူတွေရဲ့ မီဒီယာလက်နက်က အရေးပါခဲ့ပါတယ်။ အရေးကြီးရင် သွေးစည်းတတ်ကြတာလည်း ကျမတို့ မြန်မာတွေရဲ့ ချစ်စရာ အစဉ်အလာလေးပါ။ တဖြေးဖြေး ဆန္ဒပြပွဲတွေ ကျယ်ပြန့်လာပေမယ့် သူတို့စစ်အုပ်စုဘက်က စောင့်ကြည့်နေဆဲ။

နောက် ၂၅- ရက်နေ့ ညဘက် ၁၁-နာရီလောက်မှာ လော်စပီကာနဲ့ လိုက်အော်ပါတယ်။ ကျမတို့လည်း သဲသဲကွဲကွဲ မကြားရပါဘူး။ ဒါပေမယ့် အင်တာနက်ထဲမှာ သတင်းတွေ ရောက်လာလို့ `လူ ၅-ဦးထက် ပိုမစုရ။ စီတန်း လှည့်လည် လမ်းလျှောက် ဆန္ဒပြခြင်း မပြုရ´ဆိုတဲ့ ပုဒ်မ ၁၄၄ လိုမျိုး ကြေညာချက်ထုတ်မှန်း သိရတယ်။ ညဖက်မှာ သတင်းထူးမယ် ထင်တယ်ဆိုပြီး ဖွင့်ကြည့်မိကာမှ မျက်နှာမကောင်းတဲ့ သံဃာ့နာယက ဆရာတော်တွေကို သာသနာရေးဝန်ကြီးက ကျက်သရေမဲ့တဲ့ မျက်နှာထားနဲ့ ခြိမ်းခြောက်နေတာကို တွေ့လိုက်ရပါတယ်။ ၈၈ - တုန်းကလို ဦးနေ၀င်း တီဗွီထဲကနေ တိုင်းပြည်ကို “ … တည့်တည့်ပစ်မယ် …” လို့ ခြိမ်းခြောက်ခဲ့တာကို ပြန်အမှတ်ရမိပါတယ်။ သူတို့ လူမစုရ ပြောပေမယ့် ပြည်သူတွေအင်အားက ပိုပြီးများလာပါသေးတယ်။ နေ့လည် တနာရီလောက်ဆိုရင် လူစုပြီး ထွက်ကြပါတယ်။ ကိုယ်တတ်နိုင်သလောက် ၀ိုင်းဝန်းနေကြတာပါ။

နောက်တနေ့ … တော်သလင်းလပြည့်နေ့ …။ ကျမတို့ စိတ်တွေ လှုပ်ရှားနေမိတယ် …။ သံဃာတွေနဲ့ ပြည်သူတွေ ဘေးရန်ကင်းစေဖို့ပဲ ဆုတောင်းမေတ္တာပို့ဖို့ ကျမတတ်နိုင်ခဲ့ပါတယ်။ ၀ါတွင်းကာလ အခါကြီးရက်ကြီးမို့ ဥပုသ်သီလ ဆောက်တည်ဖို့ သွားတဲ့သူတွေကို ပြန်လွှတ်တယ်။ ဘုရားဖူးတွေကိုလည်း ဘုရားပေါ် ပေးမတက်ဘူး။ ဘယ်လောက်တောင် ဓမ္မန္တရာယ်ဖြစ်နေပြီလဲ။ လူတွေကတော့ သံဃာတော်တွေ ကြွလာမယ့်နေရာတွေမှာ သွားစောင့်နေကြတယ်။ အခြေအနေ ဆိုးလာနိုင်တယ်ဆိုတာ သဘောပေါက်ကြတော့ သတိတော့ ထားနေကြတယ်။ နေ့လည်ပိုင်းမှာ သတင်းဆိုးတွေ ဆက်တိုက် ၀င်လာပါတယ်။ ဒီလိုပဲ မိုက်ရိုင်းလိမ့်ဦးမှာပဲလို့ သိထားပေမယ့် သံဃာတော်တွေကိုတော့ မလုပ်လောက်ပါဘူးလို့ မယုံချင်သမျှ …။

ကျမတို့ သမိုင်းမှာ သွေးစက်တွေ ထပ်ပြီး စွန်းထင်းခဲ့ပြီလေ။ စတေးခဲ့ရတဲ့ သွေးချောင်းထဲ သံဃာတော်တွေရဲ့ သွေးတွေပါ ပေါင်းစည်းလာခဲ့ရပြီ။ အကုန်လုံးဟာ တယောက်မျက်နှာ တယောက်ကြည့်၊ တောက်ခေါက်သံတွေ ညံ။ မျက်လုံးတွေထဲမှာလည်း မခံမရပ်နိုင်တဲ့ ဒေါသမီးလျှံတွေ၊ ဆို့နင့်ကြေကွဲမှုတွေ၊ ယူကြုံးမရတဲ့ ဒေါသမုန်တိုင်းတွေ ထန်ခဲ့ကြရတယ်။ အဲဒီနေ့က မိုးတွေကလည်း ခြိမ်းလိုက်တာ …။ မိုးကြိုးပစ်သံတွေကိုလည်း ကြားနေရတယ်။ သကြားမင်းကတော့ သတိပေးရုံ သက်သက်ပဲထင့်။ မိုးကြိုးလက်နက်ဟာ သူတို့အပြစ်နဲ့စာရင် သက်သာလွန်းနေလို့ ဖြစ်မှာပဲ။ လမ်းတွေပေါ်မှာ လူသူတွေ ခြောက်ကပ်၊ ဆိုင်တွေ စောစောပိတ်၊ ရုံးသူရုံးသားတွေလည်း စောစောပြန်ကြနဲ့။ လမ်းပေါ်မှာ စစ်ကားတွေ … စစ်ကားတွေ။ လက်နက်မရှိတဲ့ သူတွေကို ရင်ဆိုင်ဖို့ သေနတ်တွေထောင်၊ ဒိုင်းတွေနဲ့ အကာအကွယ်ယူ။ လည်စည်း အနီတွေ၊ ခရမ်းတွေ။ မျက်နှာတွေကို စေ့စေ့ မကြည့်ချင်ပေမယ့် ဘယ်လိုမျက်နှာထားတွေမျိုးနဲ့ နေကြပါလိမ့်လို့ စက်ဆုပ်စွာ ကြည့်မိတော့ … အံ့သြစရာ …။ တင်းမာခက်ထန် နေရမယ့်အစား မောပန်းနွမ်းနယ် နေကြလေရဲ့။ အော်… သူတို့တွေလည်း “ … သံဃံ သရဏံ ဂစ္ဆာမိ…” ရွတ်ဆိုဖူးခဲ့ကြသူတွေ ဖြစ်မှာပါ။ အဇာတသတ်လို ဒေ၀ဒတ်ကို ဆရာတင် မှားမိလေတော့ …။

ကျမတို့တွေလည်း သတင်းတွေ နားထောင်၊ တယောက်နဲ့ တယောက်ဖလှယ် အင်တာနက်ထဲကနေ အချင်းချင်း ဆွေးနွေး တိုင်ပင်ကြနဲ့ သွေးတွေ ပွက်ပွက်ဆူနေခဲ့ကြပါတယ်။ လုပ်ရက်လေခြင်း၊ မိုက်ရိုင်းလိုက်ကြတာ။ ဘာတဲ့ … သံဃာ အတုအယောင်တွေပါတဲ့။ သံဃာတွေကို စော်ကားပြီးရင်း စော်ကားနေလိုက်ကြတာ …. နောက်ဆုံးတော့ သံဃာစင်ပါ မှောက်ခဲ့ရပြီလေ။ ငွေကြာယံ ဘုန်းကြီးကျောင်းကို ၀င်စီးတယ်တဲ့။ ဘယ်လိုမှ ကြားလို့ မသင့်တော်။ ရန်သူ့စခန်း သိမ်းသလိုမျိုး ဘုန်းကြီးကျောင်းကို ၀င်၊ ရိုက်နှက် လုယက် လုပ်သွားလိုက်ကြတာ။ သူတို့ ဘယ်လိုစစ်သား အရိုင်းအစိုင်းတွေကို ဘုန်းကြီးကျောင်းထဲ ၀င်ဖျက်ဆီးခိုင်းသလဲ။ အရင်က ရွာတွေဝင် မီးရှို့ဖျက်ဆီး မုဒိမ်းကျင့်တာ တပ်မတော်က လုပ်တယ်ပြောရင် သိပ်မယုံလှဘူး။ အခုလို အထင်ကရ ရန်ကုန်မြို့ကြီးပေါ်မှာ ဒီလို အဖြစ်အပျက်တွေ ဖြစ်ခဲ့တာကို ကိုယ်တိုင်သိလိုက်ရတဲ့ အခါကျမှ လူမသိ သူမသိ ရိုင်းစိုင်းနှိပ်စက် အနိုင်ကျင့်ခံရတာတွေကို မှန်းကြည့်လို့ ရခဲ့ပါတယ်။

သူတို့အနေနဲ့ အရင်ကလို တခုတည်းသော အစိုးရ မီဒီယာတွေနဲ့ လိမ်ချင်တိုင်းလိမ်၊ ညာချင်တိုင်း ညာလို့ မရတော့တဲ့အတွက် ခေတ်မီ နည်းပညာတွေကို ကျမတို့ ပြည်သူတွေ ကျေးဇူးတင်လို့ မဆုံးပါဘူး။ စစ်အစိုးရသတင်းက လိမ်ဖို့ ညာဖို့ ပြင်ဆင်တုန်း အင်တာနက်ထဲမှာ ပုံတွေနဲ့ သတင်းတွေ နောက်ဆုံးမိနစ်ပိုင်း အချိန်အထိ ပြည်သူ့သတင်းတွေက ဦးနှင့်နေပြီ။ သူတို့ဘက်ကို ထိလာတော့ ထုံးစံအတိုင်း ညစ်ပတ်ပြီပေါ့။ မျက်စေ့ထဲ သဲနဲ့ ပက်လိုက်တာလေ။ အင်တာနက် ကွန်နက်ရှင်တွေ အကုန်ဖြတ်၊ ဖုန်းတွေ ခေါ်မရ၊ မိုဘိုင်းဖုန်းတွေ အကုန်ပိတ်၊ မက်ဆေ့ခ်ျတွေလည်း ပို့မရ။ အဲဒီတော့လည်း ရေဒီယိုတွေ နေ့ချင်းညချင်း အ၀ယ်လိုက်ကြတာ။ ပြည်သူတွေ နားထောင်ချင်တာ တကယ့်သတင်းမှန်။ ကိုယ့်အခြေအနေ ပြန်စစ်ကြည့်ရင် သူတို့ရဲ့ မီဒီယာတွေ ဘယ်အဆင့် ရောက်နေပြီလဲ သိသင့်တာကြာပြီ။ ပြောချင်ရာပြော ရေးချင်တာရေးထားတဲ့ သတင်းတွေကို သူတို့ကိုယ်တိုင်ရော နားထောင်ဖြစ်၊ ဖတ်ဖြစ်မယ်မထင် (ကိုယ့်ပုံကိုယ် ကြည့်ဖို့ကလွဲရင်)။ မသိနားလည်သေးတဲ့ စကားမပြောတတ်သေးတဲ့ ကလေးကတောင် ကိုးရီးယားဇာတ်လမ်းပြီးလို့ သတင်းလာတာနဲ့ ရုပ်မြင်သံကြားကို လာပိတ်တော့တာပဲ။

မီဒီယာတွေရဲ့ အမှန်တရားရိုက်ချက်က တော်တော် အထိနာသွားလို့ သူတို့တွေ ဟန်ကိုယ့်ဖို့တောင် မလုပ်နိုင်တော့။ နိုင်ငံပိုင် သတင်းစာ တမျက်နှာ အပြည့်နီးပါး သွေးရူးသွေးတန်း ထအော်တော့တာပဲ။ ပြည်သူတွေကတော့ ရပ်ကွက်ထဲက အော့ကြောလန် အရက်သမား လူရမ်းကား အရက်မူးပြီး ရမ်းနေသလိုသာ သဘောထားတော့တယ်။ အမူးသမား စကားတော့ ဘယ်လိုအော်အော် ဘယ်သူမှ အရေးမထားပါဘူး။ သိက္ခာမရှိတဲ့သူရဲ့ စကား ဘယ်သူယုံလို့ နားထောင်မှာလဲ။

ကျမတို့တွေကတော့ သတင်းမှန်သိနိုင်မယ့် နောက်ကိုသာ အတင်းလိုက်ကြတော့တယ်။ ရေဒီယိုသတင်း၊ ဂြိုလ်တုစလောင်းတွေက သတင်းတွေကိုသာ ကြည့်ကြတယ်။ ဘယ်လိုမှ ဖုံးလို့မရ၊ ဖိလို့မရ။ ကမ္ဘာ့အလယ်မှာ သူတို့ အရှက်တကွဲ အကျိုးနည်းခဲ့ရပြီ။ ကျမတို့မှာလည်း သတင်းတွေကြည့် နားထောင်နဲ့။ အစားအသောက်လည်း ကောင်းကောင်း မ၀င်၊ အိပ်လို့လည်း မပျော်။ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ညအခါသမယမှာ ကားကြီးသံတွေ လမ်းမပေါ်မှာ ကြားနေရတော့ `အော်… ဘယ်သူတွေကို ထပ်ဖမ်းလာပြီး နှိပ်စက်ဦးမလဲ´လို့ စိတ်မချမ်းသာ အိပ်မရ။ ထထိုင်ပြီး တွေးနေမိပြန်။ ငါတို့တွေ ဘာလုပ်ရမလဲ။ ဘယ်လိုလုပ်မှ ငါတို့တိုင်းပြည် လူလူသူသူ ပြန်ဖြစ်လာမလဲ။ တွေးရင်း တွေးရင်း စိန်တုံး စိန်ခဲတွေကို မြင်လာ၊ `စိန်အစစ်ဆိုတာ ဒါမျိုးကို ခေါ်သတဲ့´။ စိန်အစစ်လည်း ပြည်သူတွေ မမြင်ဖူးချင်ပါဘူး၊ ပြည်သူတွေက အလင်းရောင်လေးနဲ့ နေချင်ရုံလေးပါ။ အဖမ်းခံရတဲ့သူတွေ အနှိပ်စက်ခံရတဲ့သူတွေ မပြောနဲ့။ ပြည်သူတွေအားလုံး စိတ်မချမ်းမသာ ဖြစ်ခဲ့ရတဲ့ ရက်တွေပါ။ နောက်တခါ ထပ်ရှုံးခဲ့ရင်ဖြင့် နောက်ထပ် ၁၉-နှစ် အနှစ်နှစ်ဆယ် နီးပါး အဖိနှိပ်ခံရမယ့် အရေးကိုလည်း တွေးမိတိုင်း အခုပွဲကို အမှန်တရားဘက်ကပဲ အနိုင်ရစေချင်နေကြပါတယ်။ ရှုံးလို့မဖြစ်ဘူးလို့ အချင်းချင်း အားပေးပေမယ့် လက်နက်ကိုင်နဲ့ လက်နက်မဲ့တို့ရဲ့ တိုက်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာကို သူတို့ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဆန္ဒပြသူတွေရဲ့ စိတ်ဓာတ်အင်အားကိုတော့ သူတို့ယှဉ်လို့မရခဲ့ပါဘူး။ ရပ်တည်တဲ့ ဘက်ကပဲ ကြည့်ကြည့်၊ ယုံကြည်ချက်နဲ့ စွန့်ရဲနိုင်မှုကပဲ ကြည့်ကြည့် တာဝတိံသာနဲ့ အ၀ိစိလောက်ကွာပါတယ်။

သူတို့တွေ သတင်းတွေ ဒီလောက်ပိတ်ထားတဲ့ ကြားက မြင်ရတဲ့ အနိဌာရုံ မြင်ကွင်းတွေကို မမြင်ချင် မကြည့်ချင်ပေမယ့် အမှန်တရားကို သိအောင်တော့ အားတင်းပြီး ကြည့်ကြရ။ ရင်ထဲမှာလည်း ဆို့နင့်နေလို့။ ကလေးတွေ မမြင်အောင်တော့ ကွယ်ထားရသေးတယ်။ ဘယ်သူတွေက လုပ်လို့ ဒီလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာလဲ မေးရင် ကျမ ဘယ်လိုဖြေရမလဲ။ နုနယ်လှတဲ့ ကလေးတွေကို အစိုးရ မကြိုက်တာ လုပ်မိလို့ အမှန်တရားဘက်က ရပ်တည်မိလို့ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံရတယ်လို့ အမှတ်မမှားစေချင်ဘူး။ ဒီလို ဆိုးဝါးရက်စက်တဲ့ သူတွေကို ဘာလို့ မေမေတို့က ဒီအတိုင်း ငုံ့ခံနေကြတာလဲလို့ မေးလာခဲ့ရင်လည်း ကလေးတွေရဲ့ သူရဲကောင်းကြီးပဲ လုပ်ချင်တဲ့ ကျမ ဖြေရမှာ ရှက်တယ်။

စွန့်ဝံ့တဲ့ သူတွေကတော့ စွန့်သွားကြတယ်။ ကိုယ့်အသိုက်အမြုံလေး ပြိုကွဲမယ်မှန်း သိပေမယ့် ၊ ကိုယ့်ချစ်တဲ့ သူတွေနဲ့ ခွဲသွားရမယ်မှန်း သိပေမယ့်၊ ကိုယ့်အတွက် ယုံကြည်ချက်ကလွဲလို့ ဘာမှ မယူဆောင် သွားနိုင်ခဲ့ကြတဲ့ အသက်စွန့် သွားကြတဲ့၊ ကိုယ်ပင်ပန်း စိတ်ဆင်းရဲ ခံနေကြရတဲ့ သူတွေအတွက် ကျမတို့ အေးအေးသက်သာ မေ့မေ့လျော့လျော့ နေရက်ကြမှာလား။ ရောက်တဲ့နေရာမှာ ကိုယ်ယုံကြည်တာတွေကို မေ့ပြီး ပျော်နေသင့်သလား။ ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် သူချစ်လှစွာသော မိသားစုနဲ့ အေးအေးချမ်းချမ်း နေနိုင်တဲ့ ဘ၀ကိုထားခဲ့ပြီး ဘာအတွက် မြန်မာပြည်မှာ ဒုက္ခခံပြီး နေနေရသလဲဆိုတာကို ကိုယ်ချင်းစာကြည့်ပေးကြပါ။ ကိုယ့်သားသမီးတွေ ကောင်းစားဖို့ စဉ်းစားနေတဲ့ အချိန်မှာ သွေးမြေကျခဲ့ရတဲ့ ကျောင်းသားလေးတွေကို သတိရပေးကြပါ၊ ဘုရားရှိခိုး အာရုံပြုတိုင်းလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်ဆိုတာ မေ့မထားကြပါနဲ့။ နောက်ဆုံးတော့ ဆရာကြီးဇော်ဂျီရဲ့ ‘တို့တိုင်းပြည်’ ကဗျာထဲကလိုပဲ တောကပြိတ္တာ မဖြစ်ရလေအောင် တစိပ်တ၀မ်းညီညီနဲ့ ကိုယ့်တိုင်းပြည်အတွက် ကိုယ်စီတာဝန် ယူတတ်ကြရင်တော့ ရွှေပြည်တော် မျှော်တိုင်းမဝေးလောက်တော့ပါဘူးလို့ ယုံကြည်ပါတယ် …။ ။

မြန်မာအမျိုးသမီးတဦး

အပြည့်အစုံသို့...